ဘေလီတံတား သံဘောင် ခိုးရောင်းသူနှင့် ဝယ်သူများအား အမှုဖွင့်

0
871

ရေဖြူမြို့နယ်တွင် တံတားခင်းမည့် ဘေလီသံဘောင်ပြားများ ခိုးရောင်းသူနှင့် ဝယ်သူများကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


ရေဖြူ “ဃ” ရပ်ကွက်နှင့် တလိုင်းယာ မြောက်ပုကျေးရွာရှိ ဥယျာဉ်ခြံများသို့ သွားနိုင်သည့် ဦးဖိုးသီတံတားပြုပြင် ရန်အတွက် ဝယ်ယူထားသော ကျပ်သိန်း ၁၀၀ ခန့်တန်ဖိုးရှိ ဘေလီသံဘောင်ပြား ၁၀ ပြားများမှာ အောက်တိုဘာလ ၅ ရက်နေ့တွင် ပျောက်ဆုံးနေကြောင်း သိရခြင်းဖြစ်သည်။


ယင်းဘေလီတံတားသံဘောင်များကို ထားဝယ်မြို့နယ်၊ ဆောင်းနှင်းပြင်ကျေးရွာနေ အသက် ၃၁ နှစ်အရွယ် အမျိုးသားက ခိုးယူခဲ့ပြီး ဘေလီတံတား သံဘောင် ၄ ပြားကို ထားဝယ်မြို့ ဥဿရံတိုးချဲ့ရပ်ကွက်ရှိ အသက် ၃၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး၏ သံတိုသံစဆိုင်တွင် တွေ့ရသည်ဟု ရဲမှတ်တမ်း တွင်ဖော်ပြသည်။


ဘေလီတံတား သံဘောင် ၆ ပြားကိုမူ ကံပေါက်ကျေးရွာနေ အမျိုးသမီးတစ်ဦးထံတွင် တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။


အဆိုပါ တံတားသံဘောင်များကို ခိုးယူသူအမျိုးသားက ရောင်းချထားခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ တံတားသံ ဘောင်ပြားခိုးသူ အမျိုးသားနှင့် ခိုးရာပါပစ္စည်းလက်ခံထားသူ (ဝယ်ထားသူ)နှစ်ဦးကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ- ၆(၁)ဖြင့် ရေဖြူမြို့မရဲစခန်းတွင် အောက်တိုဘာလ ၂၈ ရက်က အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch