သက်တမ်းကုန်နေသော်လည်း သတ္တုတူးနေသည့် ကုမ္ပဏီကို စစ်ဆေးပေးရန် တိုင်းအစိုးရထံတိုင်ကြား

0
571

သတ္တုတူးဖော်ခွင့်သက်တမ်းကုန်နေသော်လည်း ထားဝယ်မြို့နယ်၊ ကြက်ပေါင်ချောင်းကျေးရွာတွင် သတ္တုတူးဖော် နေသည့်ကုမ္ပဏီကို စစ်ဆေးပေးရန် ဒေသခံအချို့က တိုင်းအစိုးရထံ တိုင်ကြားလိုက်သည်။


တောင်ပိုင်းကမ္ဘာကုမ္ပဏီသည် အသေးစားသတ္တုတူးဖော်ခွင့်သက်တမ်းကုန်ဆုံး နေပြီဖြစ်သော်လည်း တရားမဝင်သတ္တု တူးဖော်နေသည်ဟုဆိုကာ ဒေသခံသုံးဦး လက်မှတ်ထိုးကာ အောက်တိုဘာလ ၃၀ ရက်က တိုင်ကြားထားကြောင်းတိုင်ကြား သူတို့က ပြောသည်။


တရားမဝင်သတ္တုတူးဖော်မှုကြောင့် ကြက်ပေါင်ချောင်းကျေးရွာရှိ ဖွတ်လတ်တိုချောင်းရေ နောက်နေကြောင်း ၎င်းတို့က ဆိုသည်။


ဒေသခံအချို့၏ ပြောကြားချက်အရ တောင်ပိုင်းကမ္ဘာကုမ္ပဏီသည့် မေလကတည်းက အသေးစားသတ္တုတူး ဖော်မှုသက်တမ်းကုန်ဆုံးနေပြီဖြစ်သောကြောင့် အလတ်စားသတ္တုတူးဖော်ခွင့်ရရန် အစိုးရတွင် လျှောက်ထားဆဲဖြစ်ကြောင်း သိရသည်။


သို့သော် ယင်းကုမ္ပဏီသည် လက်ရှိ အချိန်အထိ စက်ယန္တရားများဖြင့် သတ္တုတူးဖော်နေဆဲဖြစ်ပြီး ယင်းသတ္တုတူးဖော်ရာမှ စွန့်ပစ်ရေသည် ဖွတ်လတ်တိုချောင်းအတွင်း စီးဝင်ကာ ချောင်းရေနောက်နေကြောင်း ဒေသခံအချို့က ပြောသည်။


“နုန်းရေတွေဆင်းလာတယ်။ သဲတွေ လည်းဆင်းလာတယ်။ ချောင်းရေတွေ နောက်တယ်။ အဲဒီမှာ ဖွတ်လက်တို ချောင်းရေက သောက်သုံးလို့ မရတော့ဘူး။ မိုင်းခွဲလို့ ကျောက်တွေလည်းရွာထဲ အထိရောက်လာတယ်”ဟု တိုင်ကြားရာတွင်ပါဝင်သည့် ဒေသခံတစ်ဦးက ဆိုသည်။


ချောင်းရေနောက်သည့်ကိစ္စကို ယခုနှစ်အတွင်း တိုင်းအစိုးရနှင့် မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ် အဖွဲ့(MATA) အဖွဲ့ထံတိုင်ကြားခဲ့ဖူးပြီး ၎င်းတို့ကလည်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။


“အစိုးရကွင်းဆင်းစစ်တုန်းကတော့ သိပ်မထူးခြားဘူး။ MATA ကဆင်းစစ် တုန်းကတော့ နည်းနည်းကောင်းလာ သေးတယ်။ အခုက ညဘက်တွေမှာ စက်ယန္တရားနဲ့ခိုးတူးနေကြလို့ ချောင်းရေနောက်နေတာ”ဟု ဒေသခံတစ်ဦးက ဆိုသည်။


ကြက်ပေါင်ချောင်းကျေးရွာသည် တောင်ကျချောင်းရေကို ပိုက်သွယ်ကာ အသုံးပြုနေသဖြင့် သောက်သုံးရေ အခက်အခဲ ကြီးကြီးမားမား မရှိသေးသော်လည်း နောက်ထပ်လ အနည်းငယ်ကြာပါက သောက်သုံးရေ ပြတ်လပ်တော့မည်ဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။


ကြက်ပေါင်ချောင်းရွာရှိ ဒေသခံ အများစုသည် ယင်းကျေးရွာတွင် သတ္တုတူးဖော်မှုကို အစိုးရက ခွင့်ပြုချက်ထပ်ချ မပေးရန်လိုလားနေကြောင်း အစိုးရကိုတိုင်ကြားရာတွင်ပါဝင်သူ ဒေသခံများက ပြောဆိုကြသည်။

Dawei Watch