ခရီးသည် အရေးပေါ်ကယ်ဆယ်ရေး ဒေသခံဧည့်လမ်းညွှန်များအား သင်တန်းပေး

0
463

မြိတ်ကျွန်းစု ခရီးစဉ်များသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ အသက်အန္တရာယ်ကြုံသည့် အခါ အရေးပေါ် ကယ်ဆယ်နိုင်ရေးအတွက် ဧည့်လမ်းညွှန်များအား လက်တွေ့သင်ကြားပေးခဲ့ကြောင်း Myanmar Ocean Project ထံမှ သိရသည်။


အောက်တိုဘာလ ၂၉ ရက်က ကျွန်းစုမြို့နယ်၊ သန္တာကျွန်း(ကုလားကျွန်း)တွင် မြိတ်ဒေသခံဧည့်လမ်းညွှန်များအား ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာရပ်များနှင့် ဧည့်သည်များ ပင်လယ်ပြင် အတွင်း အရေးပေါ်အသက်အန္တရာယ်ကြုံ ရသည့်အခါ ကယ်ဆယ်ရန် နည်းလမ်းများ၊ အရေးပေါ် ရှေးသူနာပြုကုသရေး နှင့်စနစ်တကျ ရေကူးရေငုပ်ခြင်းနည်း လမ်းများကို ပင်လယ်ပြင်အတွင်းလက် တွေ့သင်ကြား ပေးခဲ့ကြောင်း မြန်မာအိုးရှင်းပရောဂျက် ဒါရိုက်တာ မသန္တာကိုကြီးက ပြောသည်။


ဒေသခံ ဧည့်လမ်းညွှန် ၁၀ ကျော်ကို သင်တန်းပေးခဲ့ခြင်းဖြစ်သည်။


“ဒီမှာကတစ်ခုခုဖြစ်ရင် ပျာယာခတ်ပြီးတော့ ဘယ်သူကဘာလုပ်ရမှန်းဆိုတာမျိုး မသိမဖြစ်အောင် အကုန်လုံး စနစ်တကျနဲ့ လုပ်သွားနိုင်အောင်လို့ ဒီသင်တန်းကို လာလုပ်ပေးရခြင်းဖြစ်တယ်”ဟု မသန္တာကိုကြီးက ပြောသည်။


ခရီးသွားလုပ်ငန်းအတွင်း ခရီးသည် လုံခြုံရေးအပိုင်းနှင့်ပတ်သက်၍ လိုအပ်ချက်အချို့ရှိနေသည်ကိုတွေ့ရှိရပြီး စနစ်တကျလုပ်တတ်ရန်နှင့် ခရီးသည်များနှင့် ပတ်သက်၍ ကြိုလေ့လာထားရန်လည်း လိုအပ်နေကြောင်း ၎င်းက ပြောသည်။


ဧည့်လမ်းညွှန်သင်တန်းများ၌ ပင်လယ်နှင့်ပတ်သက်သည့် သင်တန်းများ မသင်ခဲ့ရဖူးသဖြင့် အရေးပေါ်ကြုံသည့်အခါ အခက်အခဲများ ကြုံနေရပြီး ယင်းသို့ လာရောက်သင်တန်းပို့ချသည့် အတွက် များစွာအကျိုးရှိကြောင်း မြိတ်အခြေစိုက် ခရီးသွားကုမ္ပဏီတစ်ခုဖြစ်သည့် Blue Ocean Star ကုမ္ပဏီမှ ဧည့်လမ်းညွှန် ကိုတင်ကိုကိုက ပြောသည်။

Dawei Watch