ဘုတ်ပြင်းတွင် ပင်လယ်ကမ်းထောင် ပိုက်များကြောင့် ငါးသားပေါက်များစွာ သေဆုံးနေ

0
551

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ပင်လယ်ကမ်းရိုးတစ်လျှောက် ထောင်ထားသည့် ပင်လယ်ကမ်းထောင်ပိုက်များကြောင့် ငါးသားပေါက်များစွာ သေဆုံးနေရကြောင်း ယင်းကမ်းရိုးတန်းတစ် လျှောက်ငါးဖမ်းနေသည့် ရေလုပ်သား အချို့က ပြောသည်။


ကမ်းနမူးပြေးဟုခေါ်သည့် ပင်လယ်ကမ်းထောင်ပိုက်များမှာ ကမ်းရိုးတန်းတစ်လျှောက် ထောင်ထားကြပြီး တစ်ခုလျှင် ပေ ၂ ထောင်ခန့် အရှည် ရှိကာ ဘုတ်ပြင်းမြို့နယ် အုန်းတောကမ်း ကျေးရွာအုပ်စုနှင့် ကမာချောင်းကျေးရွာ အုပ်စုကမ်းရိုးတန်းတစ်လျှောက်တွင် ၃၅ ခုခန့် ရှိကြောင်း ၎င်းတို့က ဆိုသည်။


ယင်းနေရာများမှာ ငါးသားပေါက် ရောက်မှုများပြားသည့်နေရာဖြစ်ပြီး ၎င်းထောင်ပိုက်၏ ပိုက်ကွက်မှာ အကျယ် ဆုံး တစ်လက်မမှအစ၊ လက်မဝက်၊ နောက်ဆုံး လက်သန်းထိုးဝင်ရုံသာ ရှိသဖြင့် ငါးသားပေါက်များစွာ နေ့စဉ် သေဆုံးနေကြောင်း ယင်းရေလုပ်သား အချို့က ဆိုသည်။


“အဲဒီထောင်ပိုက်က ရေထဲရှိတာ အကုန်ဝင်တယ်။ ထောင်ပိုက်သမားတွေက ငါးငယ်တွေဆို မယူဘူး။ ပုစွန်တွေ၊ ငါးကြီးတွေပဲယူတယ်။ သူတို့ သွန်ပစ်လို့ ရေထဲမှာ မျောနေတာ ငါးစုံပဲ”ဟု ဘုတ်ပြင်းမြို့မှ ရေလုပ်သားတစ်ဦးက ပြောသည်။


ပင်လယ်ကမ်းထောင်ပိုက်များဖြင့် ငါးဖမ်းခြင်းကို ဘုတ်ပြင်းမြို့နယ် ငါးဖမ်းရေပြင်တွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှစ လုပ်ကိုင်လာခဲ့ကြပြီး တာဝန်ရှိသူများထံ တင်ပြခဲ့သော်လည်း အကြောင်းမထူးခဲ့ဟု ရေလုပ်သားတို့က ပြောကြသည်။


ယင်းကမ်းထောင်ပိုက်များကို အုန်းတောကမ်းကျေးရွာနှင့် ကမာချောင်းရွာတို့မှ ဒေသခံများက ထောင်ထားကြ ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။


ငါးသားပေါက်များစွာ နှစ်စဉ် သေဆုံးနေခြင်း၊ ကမ်းထောင်ပိုက်များ နေရာအနှံ့ ရှိနေခြင်းတို့ကြောင့် လှေဖြင့် ကမ်းနီးငါးဖမ်းသူတို့ ငါးအမိအရနည်းခြင်း၊ ပိုက်မျှောရန် နေရာနည်းပါးလာခြင်းတို့ ကြုံတွေ့နေရကြောင်း ရေလုပ်သားတို့က ပြောကြသည်။


“ပိုက်ပစ်ဖို့နေရာတောင် မရှိဘူး။ ငါးကလည်း အရင်ကထက် အရနည်းလာတယ်။ ငါးမျှားလှေတွေဆို ငါးစာ အတွက် ငါးငယ်တောင်မရလို့ တော်တော်အခက်ကြုံနေရတယ်”ဟု ဘုတ်ပြင်းမြို့နယ်မှ ငါးမျှားလှေပိုင်ရှင် ဦးရဲမြင့်က ပြောသည်။


ကော့သောင်းခရိုင်ငါးလုပ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်ကမူ ကမ်းထောင်ပိုက်ဖြင့် ငါးဖမ်းရန် လိုင်စင်ချထားပေးခြင်း မရှိဟု အောက်တိုဘာလ ၃၁ ရက်က ပြောသည်။


ယင်းသို့ လုပ်ဆောင်နေပါက ရေချိုရေငန်စပ်ဖြစ်၍ တနင်္သာရီတိုင်း ရေချိုငါးလုပ်ငန်းဥပဒေအရ အရေးယူနိုင် ကြောင်း ဦးသန့်ဇင်က ပြောသည်။


“ကျွန်တော်တို့ဘက်ကတော့ လိုင်စင်တွေဘာတွေ မပေးထားဘူး ဒါမျိုးတွေကလေ။ လုပ်နေတယ်ဆိုရင် ဒါတွေကိုသွားပြီး ဖြုတ်သိမ်းခိုင်းရမှာပေါ့။ ကိုယ့်ဒေသခံတွေ လုပ်တယ်ဆိုရင်တော့ မလုပ်ဖို့ပေါ့ ပညာပေးပြီး ဖြုတ် ခိုင်းရမယ်”ဟု ဦးသန့်ဇင်က ပြောသည်။

Dawei Watch