မုန့်ဟင်းခါးပဲစား၊ ပလပ်စတစ် မစားနဲ့

0
753
အမှိုက်စွန့်ပစ်မှုများနှင့်ပတ်သကသည့်အသိပညာပေးဆိုင်းဘုတ်များ။ ဓာတ်ပုံ - သန့်ဇင်ထိုက်

အမှိုက်စွန့်ပစ်မှုများနှင့်ပတ်သကသည့်အသိပညာပေးဆိုင်းဘုတ်များကို ကျွန်းစုမြို့နယ်၊ စခန်းသစ်ရွာတွင် စိုက်ထူလိုက်သည်။

“မုန့်ဟင်းခါးပဲစား ပလပ်စတစ် မစားနဲ့”၊ “ချိုင့်လေးတော့ယူသွား”စသည့် စာသားနှင့် ရုပ်ပုံများပါဝင်သည့် ဆိုင်းဘုတ်များ၊ “ပင်လယ်ကြီးကို ကူညီနိုင်မယ့် အချက် ၁၀ ချက်” ခေါင်းစဉ်ဖြင့် စိုက်ထူထားသည့် ဆိုင်းဘုတ်များအပါအဝင် အမှိုက်အသိပညာပေးဆိုင်းဘုတ်များကို အောက်တိုဘာလ ၂၈ ရက် စိုက်ထူခဲ့ကြောင်း စခန်းသစ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထိုက်က ပြောသည်။

အမှိုက်များကြောင့် ရေနေသတ္တဝါများကျက်စားရာနေရာများ၊ ဂေဟစနစ်များ၊ ဇီဝမျိုးကွဲများအား ထိခိုက်ပျက်စီးစေပြီး ငါးဖမ်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်း စသည့် စီးပွားရေးလုပ်ငန်းများအား ထိခိုက်နိုင်ကြောင်းကို ဗွီနိုင်းဆိုင်းဘုတ်များတွင် ဖော်ပြထားသည်။

“နေရာ ၅ နေရာမှာ လုပ်ထားပါတယ်”ဟု ဦးသန့်ဇင်ထိုက်က ပြောသည်။

အဆိုပါ ဗွီနိုင်းဆိုင်းဘုတ်များစိုက်ထူခြင်းကို ဒိန်းမတ်-မြန်မာ ရှေရှည်တည်တံ့သော ငါးလုပ်ငန်းနှင့် ငါး သယံဇာတထိန်းသိမ်းရေးကော်မတီနှင့် သက်ဆိုင်ရာအစိုးရဌာနများ ပူးပေါင်းပြီးလုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရေးအတွက် လမ်းဆုံလမ်းထောင့်တို့တွင် အမှိုက်ပုံးအလုံးရေ ၉၀ လုံးထားရှိပေးထားပြီး ယာယီအမှိုက်ကန် တစ်ခုပြုလုပ်ထားကာ ရေရှည်အတွက် အမှိုက်သိမ်းစနစ်ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်နေဆဲဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ဆိုသည်။

မြင့်မိုရ်(မြိတ်)