တိုင်းနှင့်ပြည်နယ် ခရစ်ကက်ပြိုင်ပွဲ ထားဝယ်ကစားသမားဖြင့်သာ ဝင်ပြိုင်မည်

0
458

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် ခရစ်ကက်ပြိုင်ပွဲကို မြိတ်နှင့် ကော့သောင်းခရိုင်တို့မှ ကစားသမားများ မပါဘဲထားဝယ်ခရိုင်မှ ကစားသမားများဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။


မြန်မာနိုင်ငံ ခရစ်ကက် အားကစား အဖွဲ့ချုပ်က ပြီးခဲ့သည့် စက်တင်ဘာလက လာရောက်သင်ကြားပေးခဲ့သည့် ခရစ်ကက် သင်တန်းကို မြိတ်နှင့် ကော့သောင်းခရိုင်တို့တွင် မပြုလုပ်နိုင်ခဲ့သဖြင့် ထားဝယ်ခရိုင်မှ ကစားသမားများဖြင့်သာ တိုင်းနှင့် ပြည်နယ်ပြိုင်ပွဲ ဝင်ရောက်ခြင်းဖြစ်ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။


ယင်းခရစ်ကက်အားကစားသင်တန်းတွင် ထားဝယ်ခရိုင်ရှိ ကျောင်းသူ၊ ကျောင်းသား တစ်ရာနီးပါးကို မြန်မာနိုင်ငံ ခရစ်ကက် အားကစားအဖွဲ့ချုပ်က သင်ကြားပေးခဲ့သည်။


“မြိတ်နဲ့ ကော့သောင်းဘက်ခြမ်းမှာက ခရစ်ကက်သင်တန်းတွေ မလုပ်ပေးနိုင်သေးဘူး။ နောက်နှစ်တွေဆိုရင်တော့ မြိတ်ဘက်ခြမ်းမှာ သင်တန်းတွေ ပေးနိုင်လာအောင် လုပ်ရတော့မယ်” ဦးစိုးမိုးနိုင်က ဆိုသည်။


တိုင်းနှင့်ပြည်နယ်ခရစ်ကက်ပြိုင်ပွဲ အတွက် လူရွေးချယ်မည့် ထားဝယ်ခရိုင် ခရစ်ကက်ပြိုင်ပွဲကို နိုဝင်ဘာလ ၄ ရက်မှ ၅ ရက်အထိ ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားကွင်းတွင် ကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို ထားဝယ်မြို့နယ်မှ အသင်းသုံးသင်းနှင့် ကျန်မြို့နယ် သုံးမြို့နယ်မှ တစ်သင်းစီဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


တိုင်းနှင့်ပြည်နယ် ခရစ်ကက်ပြိုင်ပွဲကို နေပြည်တော်တွင် နိုဝင်ဘာလ ၂၁ ရက်မှာ ကျင်းပမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

Dawei Watch