ကော့သောင်း ဆိပ်ကမ်းသာလမ်းအား တစ်လမ်းမောင်း သတ်မှတ်

0
482

ကော့သောင်းမြို့ရှိ ဆိပ်ကမ်းသာလမ်းကို နိုဝင်ဘာလ ၁ ရက်မှစတင်ကာ တစ်လမ်းမောင်းအဖြစ် သတ်မှတ်လိုက်သည်။


ဆိပ်ကမ်းသာလမ်းရှိ မြို့မတံတား လမ်းဆုံမှ ရှင်ကြီးမော်လမ်းနှင့် ဇလပ်လမ်းဆုံအထိကို တစ်လမ်းမောင်းသတ် မှတ်ခြင်းဖြစ်ပြီး တောင်ဘက်မှ မြောက်ဘက်သို့သာ သွားလာနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။


တစ်လမ်းမောင်းအဖြစ် စတင်သတ်မှတ်သည့် နိုဝင်ဘာလ ၁ ရက်နေ့မှ ၇ ရက်အထိ ပညာပေးကာလသတ်မှတ်ထားပြီး အများပြည်သူသိရှိနိုင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်ကော်မတီဝင် ဦးသိန်းနိုင်ဦးက ဆိုသည်။


တစ်လမ်းမောင်းသတ်မှတ်ခြင်းနှင့် ပတ်သက်၍ လိုအပ်ပါက ပညာပေးကာလကို ထပ်မံတိုးမြှင့်ရန်ရှိပြီး တစ်လမ်း မောင်း သတ်မှတ်သည့် လမ်းထိပ်တစ် ဖက်တစ်ချက်စီတွင် ယာဉ်ထိန်းရဲ အဆောက်အအုံများ ဆောက်လုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


“အများဆုံးအသုံးပြုတာက အဲဒီလမ်း၊ တစ်မြို့လုံးအသုံးများတာက အဲဒီလမ်း၊ အပိတ်ဆုံးကလည်း အဲဒီလမ်း။ အဲဒါကြောင့် ကျွန်တော်တို့က အကောင်အထည်ဖော်တာ” ဟု ဦးသိန်းနိုင်ဦးက ဆိုသည်။


အမြဲတမ်းနီးပါး ယာဉ်ကြောပိတ်ဆို့နေသည့် အဆိုပါလမ်းကို တစ်လမ်းမောင်းမသတ်မှတ်ဘဲ လမ်းမပေါ်တွင် စည်းကမ်းမဲ့ ရပ်နားလေ့ရှိသည့် ယာဉ်များကို အရင်ရှင်းလင်းသင့်ကြောင်း မြို့မတံတားအနီးတွင် ဆိုင်ကယ်တက္ကစီ မောင်းနှင်နေသည့် အသက် ၄၀ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။


“အရင်ရှင်းပြီးလို့ အဆင်မပြေဘူး ဆိုမှ တစ်လမ်းမောင်းသတ်မှတ်သင့်တယ်။ တစ်လမ်းမောင်း သတ်မှတ်ပြီး လည်း စည်းကမ်းမဲ့ယာဉ်တွေကို မရှင်းနိုင်ရင် မထူးဘူးလို့ထင်တယ်” ဟု အထက်ပါအမျိုးသားက ဆိုသည်။


ကော့သောင်းမြို့တွင် တစ်လမ်း မောင်းသတ်မှတ်ထားသည့် လမ်းအချို့ ရှိသော်လည်း ယာဉ်မောင်းနှင်သူအချို့က လိုက်နာမှုအားနည်းခြင်း၊ တာဝန်ရှိသူတို့ ကြီးကြပ်မှု အားနည်းခြင်းတို့ကြောင့် မအောင်မြင်ကြောင်း ဒေသခံများက ပြောသည်။

Dawei Watch