ပညာပေးရန် မလိုတော့သော အချိန်သို့

0
565
editorial

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးလုပ်ငန်းများ တနင်္သာရီတစ်တိုင်းလုံးတွင် တစ်ပြိုင်တည်း လုပ်ဆောင် ခဲ့သည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေး လုပ်ငန်းများသည် တနင်္သာရီ တိုင်းဒေသကြီး သာမက မြန်မာတစ်နိုင်ငံလုံးတွင် မကြာခဏ ပြုလုပ်လေ့ရှိသော ပညာပေးလုပ်ငန်းဖြစ်သည်။

ထိုပညာပေးလုပ်ငန်းမှာ နှစ်ပေါင်းများစွာကတည်းက ကြားရ၊ သိရ၊ တွေ့ရသော ပညာပေးလုပ်ငန်းလည်း ဖြစ်သည်။ လမ်းစည်းကမ်း၊ ယာဉ် စည်းကမ်းနည်းတူ အမှိုက်ကို စည်းကမ်းတကျပစ်ရေး၊ စနစ်တကျ တန်းစီရေး၊ ကျားမလိင်တူလိင်ကွဲ တို့၏ ဖြစ်တည်မှုကို အချင်းချင်းလေးစားရေး စသည့် ကဏ္ဍပေါင်းများစွာလည်း ရှိသည်။

လူတိုင်းသည် အရွယ်ရောက်လာပါက လူ့အဖွဲ့အစည်းအတွင်း ရှင်သန်ရပ်တည် နိုင်ရေး ကြိုးစားရသည်ဖြစ်ရာ ကောင်းစွာ ရှင်သန်ရပ်တည်နိုင်ရန် အခြေခံလိုအပ် သောပညာများ မဖြစ်မနေ သင်ကြားရသည်။ လူ့ဘဝတွင် မည်သု့ိ ကျန်းမာစွာ ရှင်သန်ရပ်တည်ရမည်၊ အခြားသူများနှင့် ပတ်ဝန်းကျင်ကို မထိခိုက်ဘဲ လူ့အဖွဲ့ အစည်းအတွင်း မည်သို့လိုက်လျောညီထွေ စည်းကမ်းတကျ နေထိုင်ရမည်၊ မည်သို့ ရှင်သန်အသက်မွေးရမည်၊ လူ့အဖွဲ့အစည်းနှင့် မိမိကောင်းကျိုးအတွက် မည်သို့ ကျင့်ကြံနေထိုင်ရမည်ဟူသော အခြေခံကျသော ပညာများ၊ အလေ့အကျင့်၊ အမူအကျင့်များကို သင်ကြားကြသည်။ ယင်းကိုအချုပ်အားဖြင့် ပညာရေးဟု ခေါ်လေ့ရှိသည်။ အခြေခံပညာကျောင်းများတွင် ထိုသို့သော ပညာများကို ပေးစွမ်းသည်ဟု ယေဘုယျအားဖြင့် နားလည်ရသည်။

သို့သော် အခြေခံပညာကျောင်းပြင်ပတွင် အမျိုးမျိုးသော (ကနဦးတွင် ဖော်ပြခဲ့သော) ပညာပေးလုပ်ငန်းများ လုပ်ဆောင်နေရဆဲဖြစ်သည်။ ယင်းက လက်ရှိ အခြေခံပညာရေး၏ လိုအပ်ချက်များကို မီးမောင်းထိုးပြနေသည်။

ယာဉ်/လမ်း စည်းကမ်းပညာပေး၊ အမှိုက်မပစ်ရ ပညာပေး စသည့် ပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်လုပ်ဆောင်ခြင်းမှာ အားပေးရမည့် လုပ်ငန်းများဖြစ်သည်။ သို့သော် ယင်းသို့သော ပညာပေး လုပ်ငန်းများမလိုတော့သည့် အခြေအနေ တစ်ရပ်ကို ဖန်တီးပေးနိုင်ရမည်ဖြစ်သည်။ ယင်းအတွက် အဖြေမှာ အခြေခံပညာရေး ကတည်းက လူ့ဘဝတွင် အမှန်တကယ်လိုအပ်သော အမူအကျင့်များ၊ အလေ့ အကျင့်များကို အသေးစိတ် မွေးမြူပျိုးထောင်ပေးရန် ဖြစ်သည်။

ပညာပေးလုပ်ငန်းသည် လိုအပ်သည်။ သို့သော် တစ်သက်တာထာဝရ ပညာပေး နေရသည့် အခြေအနေကလည်း တစ်စုံတစ်ခု မှားယွင်းနေသည်။ သီးသန့်ပညာပေး ရန် မလိုတော့သည့် အခြေအနေသို့ ဦးတည်ရန် အချိန်တန်ပြီဖြစ်သည်။

အယ်ဒီတာ (အောက်တိုဘာ ၂၆၊ ၂၀၁၉)