လက်ဝှေ့ပြိုင်ပွဲတွင် တနင်္သာရီတိုင်းက တံခွန်စိုက်ဆု လေးနှစ်ဆက် ဆွတ်ခူး

0
482

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ် အောက် လက်ဝှေ့ပြိုင်ပွဲတွင် တနင်္သာရီ တိုင်းအသင်းက အမျိုးသမီးတံခွန်စိုက်ဆုနှင့် အမျိုးသား၊ အမျိုးသမီးပေါင်း စုပေါင်းတံခွန်စိုက်ကို လေးနှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ကြောင်း တိုင်းအားကစား နှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ယခုနှစ် အောက်တိုဘာလ ၁၀ ရက် မှ ၁၈ ရက်အထိ နေပြည်တော်တွင်ကျင်းပ ခဲ့သည့် တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲတွင် တနင်္သာရီတိုင်း လက်ဝှေ့အသင်းက ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ် သုံးခု၊ ကြေး တံဆိပ် နှစ်ခုဖြင့် စုပေါင်း တံခွန်စိုက်ကို ဆွတ်ခူးနိုင်ခဲ့ကြောင်း အထက်ပါဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင် က ပြောသည်။

အမျိုးသမီးပြိုင်ပွဲတွင် ရွှေတံဆိပ် လေးခု၊ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် တစ်ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုကိုရရှိ ခဲ့ပြီး အမျိုးသားပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ် တစ်ခုရရှိကာ အမျိုးသား၊ အမျိုးသမီး ပေါင်း စုပေါင်းတံခွန်စိုက်ဒိုင်းဆုကို ရရှိ ခဲ့ခြင်းဖြစ်ကြောင်း ဦးစိုးမိုးနိုင်က ပြော သည်။

တနင်္သာရီတိုင်းအသင်းသည် ၂၀၁၆ ခုနှစ်မှစပြီး တိုင်းနှင့်ပြည်နယ် ပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဒိုင်းဆုကို ရရှိနေခြင်း ဖြစ်ပြီး ယင်းနည်းတူ အမျိုးသမီးလက်ဝှေ့ သမားများကလည်း အမျိုးသမီး တံခွန်စိုက်ဆုကို လေးနှစ်ဆက်ရရှိနေသည်။

၂၀၁၅ ခုနှစ်ကတည်းက တိုင်းအတွင်း လက်ဝှေ့အားကစားနည်းကို လစဉ် လေ့ကျင့်ပေးနေသည့်အတွက် ယင်းကဲ့သို့ လေးနှစ်ဆက် စုပေါင်းတံခွန်စိုက်ဒိုင်းဆု ရရှိနေခြင်းဖြစ်ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။

“အဓိကကတော့ အမျိုးသမီးကစား သမားတွေကြောင့် စုပေါင်းတံခွန်စိုက် ဒိုင်းဆုကို လေးနှစ်ဆက်ရတာ”ဟု ၎င်းက ဆိုသည်။

ယခုနှစ်တွင် အမျိုးသား ၅၂ ကီလို တန်းနှင့် အမျိုးသမီး ၄၅၊ ၄၈၊ ၅၄၊ ၆၀ ကီလိုတန်းတို့တွင် ရွှေတံဆိပ်၊ အမျိုးသား ၇၅၊ ၄၆ ကီလိုတန်းနှင့် အမျိုးသမီး ၅၇ ကီလိုတန်းတွင် ငွေတံဆိပ်၊ အမျိုးသား ၄၉ ကီလိုတန်းနှင့် အမျိုးသမီး ၅၀ ကီလို တန်းတွင် ငွေတံဆိပ်များ အသီးသီးရရှိခဲ့ ခြင်းဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

Dawei Watch