ထားဝယ်စည်ပင်ဈေးကြီးအိမ်သာ နေ့တစ်ဝက်သာဖွင့်၊ ဈေးသူဈေးသားများ အခက်တွေ့

0
764

ထားဝယ်မြို့ စည်ပင်သာယာဈေးကြီးအတွင်းရှိ အများသုံးအိမ်သာအခန်းများကို နံနက်ပိုင်းတွင်သာ ဖွင့်ပေးသည့်အတွက် အခက်တွေ့နေရကြောင်း ဈေးသူဈေးသားအများစုက ပြောသည်။

လက်ရှိတွင် ဈေးအတွင်းရှိ အိမ်သာအခန်းများကို နေ့လယ် ၁ နာရီခန့်တွင် သော့ခတ်ပြီးပိတ်လိုက်သဖြင့် ကိုယ်လက် သန့်စင်ရန် အခက်တွေ့နေရကြောင်း စည်ပင်သာယာဈေးကြီးအတွင်း အထည်ရောင်းသည့်  အမျိုးသမီးတစ်ဦးက ဆိုသည်။

“အခုဆို အအေးတောင် မသောက်ရဲကြဘူးဖြစ်နေကြတယ်။ အပေါ့သွားဖို့ နေရာမရှိလို့”ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

စည်ပင်ဈေးကြီးအတွင်းရှိ အများသုံးအိမ်သာ ပိတ်ထားချိန်တွင် ဈေးကြီးနှင့် မလှမ်းမကမ်းရှိ မင်္ဂလာဈေး ရှိ အများသုံးအိမ်သာကို အသုံးပြုနေကြသည်။

မင်္ဂလာဈေးရှိ အများသုံးအိမ်သာမှာ အနည်းငယ်လှမ်းနေသည့်အတွက် အဆင်မပြေ ဖြစ်နေကြောင်း စည်ပင်ဈေးကြီးအတွင်း လူသုံးကုန်ပစ္စည်းရောင်းသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

အိမ်သာပိတ်ထားခြင်းကြောင့် ဈေးသူဈေးသားများအပြင် ဈေးလာဝယ်သည့် ခရီးသွားဧည့်သည်များလည်း အခက်ကြုံတွေ့နေရသည်ဟု ဈေးရောင်းသူများက ပြောသည်။

အဆိုပါအိမ်သာရှိ ဇီဝအိမ်သာကန်ကို ထိုင်းကုမ္ပဏီ တစ်ခုထံမှ ဝယ်ယူတပ်ဆင် ခြင်းဖြစ်ပြီး လက်ရှိတွင် ပိုးပေါက်ဖွားမှု သတ်မှတ်ပမာဏ မပြည့်မီသေးသည့်အတွက် အိမ်သာတည်ဆောက်ပြီး နောက် ၁၅ ရက် ပိတ်လိုက်ခဲ့ရကြောင်း စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

အိမ်သာအား အသုံးပြုခွင့်ပေးလိုက် ပြီးနောက်ပိုင်းတွင် အနံ့ထွက်လာသည့်အတွက် နံနက်ပိုင်းတစ်ချိန် သာ အသုံးပြုခွင့်ပေးထားခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးအောင်ကိုဦးက ဆိုသည်။

အဆိုပါ အိမ်သာ၏ တစ်နေ့တာ အသုံးပြုနိုင်သည့် သတ်မှတ်လူဦးရေမှာ နှစ်ရာဦးဖြစ်ကြောင်း စည်ပင်အဖွဲ့ ထံမှ သိရသည်။

ဇီဝအိမ်သာကန်ကို ထိုင်းကုမ်္ပဏီက အာမခံတစ်နှစ်ပေးထားသည့်အတွက် အဆင်မပြေဖြစ်နေသည့် အိမ်သာကန်ကို ကုမ္ပဏီက လာရောက်စစ်ဆေးပြင်ဆင်ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အနံ့ထွက်တာ ဘာကြောင့်လဲ။ ရေအိုင်နေလို့လား ရေမဆင်းလို့လား။ သူတို့ဆာဗေးလာဆင်းမယ်”ဟု ဦးအောင်ကိုဦးက ဆိုသည်။

စည်ပင်သာယာဈေးကြီး အများသုံး အိမ်သာခန်း ၂၂ ခန်းရှိပြီး အဆိုပါကုမ္ပဏီ ထံမှ ဇီဝပိုးမွေးမြူသည့် စနစ်ဖြင့် အသုံးပြုသည့် အိမ်သာအိုး လီတာ ၁၅၀၀၀ ဆံ့ ၂ လုံးဝယ်ယူထားကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

Dawei Watch