ကြောင်အော်သည်ကို အကြောင်းပြု၍ ဓားထိုးမှုဖြစ်

0
517

ဘုတ်ပြင်းမြို့နယ်ရှိ ညောင်ညိုပင် ဆီအုန်းစိုက်ပျိုးရေးစခန်းတွင် အောက်တို ဘာလ ၂၂ ရက်က ကြောင်အော်သည်ကို အကြောင်းပြု၍ ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဆီအုန်းစိုက်ပျိုးရေးစခန်းရှိ လူနေ လိုင်းခန်းတွင် အထက်ပါနေ့ နံနက် နှစ်နာရီခွဲခန့်က အခြားအခန်းမှ မွေးထား သည့် ကြောင်တစ်ကောင် လာအော်နေသောကြောင့် အိပ်မရသဖြင့် အသက် ၂၉ နှစ်အရွယ် အမျိုးသားက ကြောင်အားဖမ်းကာ နေအိမ်အရှေ့သို့ ကိုင်ပေါက် ပစ်ချခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ကိုင်ပေါက်ပစ်ချသည်ကို အသက်၄၆ နှစ်အရွယ်ရှိ ကြောင်ပိုင်ရှင် အမျိုးသားက မကျေနပ်သဖြင့် စကားများကာ လုံးထွေးသတ်ပုတ်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထိုနောက် ကြောင်ပိုင်ရှင် အမျိုးသားက ၎င်းနေအိမ်ရှိ ငါးခုတ်သည့်ဓားဖြင့်ထိုးရာ အသက် ၂၉ နှစ်အရွယ် အမျိုးသား၏ ရင်ညွှန့်တွင် မစိုးရိမ်ရသည့် ဓားဒဏ်ရာ ရရှိခဲ့ပြီး ဘုတ်ပြင်းဆေးရုံသို့ တင်ပို့ကုသထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဓားဖြင့်ထိုးခဲ့သည့် ကြောင်ပိုင်ရှင် အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၂၆ ဖြင့် ဘုတ်ပြင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

Dawei Watch