နယ်စပ်တွင် မြန်မာနှင့် ထိုင်းငွေ နှစ်မျိုးစလုံးသုံးရေး ကြိုးပမ်းမည် ဟုဆို

0
958

ထိုင်း-မြန်မာနယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများအတွက် ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေ နှစ်မျိုးစလုံး အသုံးပြု နိုင်ရေး ကြိုးပမ်းရန် ထိုင်းနှင့် မြန်မာ ဗဟိုဘဏ်ဥက္ကဋ္ဌနှစ်ဦးနားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးလိုက်သည်။

အမေရိကန်ပြည်ထောင်စုတွင် အောက်တိုဘာ ၁၈ ရက်က ပြုလုပ်သော အစည်းအဝေး တစ်ရပ်တွင် ထိုသို့ သဘောတူခဲ့ခြင်းဖြစ်ပြီး နားလည်မှု စာချွန်လွှာနှစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့မှာ ထိုင်းနှင့် မြန်မာ နယ်စပ်တွင် ငွေနှစ်မျိုးစလုံး အသုံးပြုနိုင်ရေး မြှင့်တင်ပူးပေါင်းရန်နှင့် ပြည်တွင်းနှင့် နယ်စပ်ဖြတ်ကျော် ငွေလွှဲငွေပေးချေ လုပ်ငန်းများတွင် ဘဏ္ဍာရေးဆိုင်ရာ တီထွင်ခြင်း၊ ငွေပေးချေခြင်း ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်။

ထိုနားလည်မှု စာချွန်လွှာကြောင့် ထိုင်း-မြန်မာ နယ်စပ်ဈေးကွက်ကို မည်မျှအထိ ရိုက်ခတ်မှု ရှိနိုင်သည်ကို မသိရသေးပေ။

နှစ်နိုင်ငံစလုံးတွင် ငွေနှစ်မျိုးလုံး ဖြတ်ကျော်အသုံးပြုနိုင်ပါက ဘတ်ငွေလဲသုံးစရာ မလိုတော့သဖြင့် ငွေလဲနှုန်း တွင် အပိုဆောင်းပေးနေရမှုသက်သာသွားမည်ဖြစ်ကြောင်း ကော့သောင်းမြို့ခံ တစ်ဦးကပြောသည်။

“ပိုကောင်းတာပေါ့ဗျာ၊ အဲလိုဆိုရင် တကူးတကငွေလဲစရာမလိုတော့ဘူးလေ။ ငွေဈေးကစားမယ့်ကိစ်္စတွေလည်း တည်ငြိမ်သွားနိုင်တယ်။ ဟို(ထိုင်း)ဘက် ကလာတဲ့လူတွေလည်း ငွေလဲစရာမလို တော့ဘူးလေ”ဟု ၎င်းက ဆိုသည်။

ယခုအချိန်တွင် ဘတ်ဈေးကွက် အတွင်း ငွေလဲပါက ဘတ် ၁၀၀ လျှင် မြန်မာငွေ ၁၀၀ ခန့်ကွာဟထား (ဥပမာ ဘတ်ငွေ ၁၀၀ လျှင် ကျပ် ၅၀၀၀ အစားကျပ် ၄၉၀၀ သာရရှိသည်)လေ့ရှိသည်။

ထိုင်း-မြန်မာ နယ်စပ် မြန်မာဘက်ခြမ်းတွင် ထိုင်းဘတ်ငွေကို အရေးပါသော ငွေတစ်ခုအနေဖြင့် အသုံးပြုသော် လည်း ထိုင်းဘက်ခြမ်းတွင် မြန်မာငွေကို အသုံးပြုနိုင်ခြင်း မရှိသေးပေ။

Dawei Watch