ထိုင်း-မြန်မာနယ်စပ် မြစ်ကမ်းပါးပြိုကာကွယ်ရေး မြေထိန်းနံရံဆောက်မည်

0
417

ထိုင်း-မြန်မာနယ်စပ်ရှိ ပါချန်မြစ် ကမ်းပါးပြိုကျမှု ကာကွယ်နိုင်ရန် မြေထိန်းနံရံတည်ဆောက်ရေး ငွေကျပ်သိန်းပေါင်း တစ်သောင်းခုနှစ်ထောင်နီးပါး အသုံးပြုသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (မြစ် ချောင်းဖြိုး)ထံမှ သိရသည်။

အဆိုပါ လုပ်ငန်းအတွက် ယခု ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၆၉၅၀ သိန်း ဘတ်ဂျက်ရရှိထားပြီး ပါချန်မြစ်ဘေးရှိ မာရမ်းကျေးရွာအနီးတွင် မြေထိန်းနံရံ အလျားပေ နှစ်ထောင်ကျော်ကို ကျပ်သိန်းပေါင်း တစ်သောင်းခွဲနှင့် ဖော့သုတ် ကျေးရွာအနီးတွင် အလျားပေ သုံးရာခန့်ကို ကျပ် ၁၉၅၀ သိန်း သုံးစွဲမည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

လက်ရှိတွင် မြေသားစမ်းသပ်ခြင်း လုပ်ငန်းလုပ်ဆောင်နေပြီး ယင်းလုပ်ငန်း ပြီးစီးပါက ဒီဇိုင်းရေးဆွဲမည်ဖြစ်ကြောင်း မြစ်ချောင်းဖြိုးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစန်းရွှေက ဆိုသည်။

“ကျွန်တော်တို့က မိုးမကျခင် ပြီးအောင်လုပ်ရမယ်။ မိုးကျပြီဆို လုပ်လို့ မရတော့ဘူး။ ရေထဲမှာ လုပ်ရတာဆို တော့လေ”ဟု ဦးစန်းရွှေက ပြောသည်။

မြစ်ချောင်းဖြိုးဌာနအနေဖြင့် အထက်ပါ လုပ်ငန်းအပြင် တနင်္သာရီမြစ်ဘေးရှိ အနောက်သာရဖုံကျေးရွာအုပ်စုတွင်လည်း မြေထိန်းနံရံ အရှည်ပေ တစ်ထောင်ခန့်ကို ငွေကျပ် ၆၁၇၀ သိန်းကျော် ကျခံသုံးစွဲကာ ဆောက်လုပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပါချန်မြစ်နှင့် တနင်္သာရီမြစ်တွင် ကမ်းပါးပြိုကာကွယ်ရေးအတွက် မြေထိန်းနံရံများကို ဘတ်ဂျက်ငွေရရှိမှုအပေါ် မူတည်ကာ နှစ်စဉ် တည်ဆောက်နေပြီး ပါချန်မြစ်အတွင်း နေရာ ၈ ခုတွင် တည်ဆောက်ပြီးဖြစ်ကြောင်း အထက်ပါဌာန ထံမှ သိရသည်။

ကိုဇော်