အိမ်ပြန်ချိန်

0
962

ဘိလပ်မဟာတန်း ကျောင်းသား (နိဂုံး)

ကျမ်းစာတမ်းတင်ပြီးသည်နှင့် သုံးရက် အကြာတွင် အိမ်ပြန်သည်။ ယခုနှစ်တွင် ဗြိတိန်အစိုးရ ပညာသင်ဆုဖြင့် မြန်မာနိုင်ငံမှ လာရောက်သော ကျောင်းသား အချို့တစ်ဝက်မှာလည်း အိမ်ပြန်ကုန်ကြ လေပြီ။ မကြာမီလပိုင်းအတွင်း ဘွဲ့ယူရန် ရှိသော ကျောင်းသား ကျောင်းသား အချို့၊ ဟိုဟိုဒီဒီ ဆက်လည်ချင်သေးသော ကျောင်းသား၊ ကျောင်းသူ အချို့သာ ကျန်နေသေးသည်။

အပြန်အခရီးကလည်း အလာခရီး အတိုင်းပင်။ အလာတုန်းက ရန်ကုန်-ဒူဘိုင်း-လန်ဒန် လေယာဉ်စီးရသကဲ့သို့ အပြန်တွင်လည်း လန်ဒန်-ဒူဘိုင်း-ရန်ကုန် ဖြစ်သည်။ ပညာသင်ဆုရ ကျောင်းသားများ ကို တာဝန်ယူသော အဖွဲ့က အခြားရွေး ချယ်စရာ အိမ်ပြန်လမ်းကြောင်းတစ်ခု ပေးသေးသည်။ ဘရစ္စတို-အက်စတာဒမ် -စင်ကာပူ-ရန်ကုန် ခရီးစဉ် ဖြစ်သည်။ သို့သော် ဘရစ္စတိုမှ မနက်အစောကြီး လေယာဉ်စီးရမည် ဖြစ်သဖြင့် လန်ဒန်မှ တစ်ဆင့်ပြန်မည့် ခရီးစဉ်ကိုပင် ရွေးလိုက်သည်။

တကယ်တော့ ယခင်ကတည်းက ဥရောပ လာတိုင်း ဒူဘိုင်း သို့မဟုတ် ကာတာက တစ်ဆင့် လာရသည်က များ သည်။ ကာတာလေကြောင်းလိုင်းဖြင့် လာပါက ကာတာလေဆိပ်တွင် တစ်ဆင့် နားရသည်။ အီးမရိတ် လေကြောင်းလိုင်း ဖြင့်လာပါက ဒူဘိုင်းလေဆိပ်တွင် တစ်ဆင့် နားရသည်။

ယင်းလေဆိပ်နှစ်ခုစလုံးမှာ ပုံမှန်အား ဖြင့် လူများလေ့ရှိပြီး လေယာဉ်ပြောင်း စီးရန် တစ်ဂိတ်နှင့် တစ်ဂိတ်သည်လည်း အတော် ကြာကြာလမ်းလျှောက်ရလေ့ ရှိသည်။ တစ်ခါတုန်းဆိုလျှင် လေယာဉ် ပြောင်းစီးရေး စောင့်ရန် ထိုင်စရာပင်နေရာ မရှိ။ ထိုကြောင့် ကာတာ သို့မဟုတ် ဒူဘိုင်းမှ အပြန်ခရီးကို မစီးလိုလှသော်လည်း မနက်စောစော မထွက်လိုသဖြင့် ထိုလမ်းကြောင်းကိုပင် ရွေးလိုက်ရသည်။

လန်ဒန်မှ ထွက်သဖြင့် လန်ဒန်တွင် မိတ်ဆွေများကိုလည်း အချိန်ပေးတွေ့နိုင်သည်။ ညနေပိုင်းမှ လေယာဉ်ထွက်သဖြင့် အချိန်လည်း ပိုရသည်။

ကျမ်းတင်ပြီးချိန်နှင့် ပြန်မည့်ရက် အကြား ရက်က နည်းလှသော်လည်း လုပ်စရာကား အများသား။ ပစ်္စည်းသိမ်း၊ အခန်းရှင်း ကိစ္စများအပြင် အချို့သော ကျောင်းကိစ်္စများလည်း ရှိသေးသည်။ ငှားထားသော စာအုပ်များ စာကြည့်တိုက် ပြန်အပ်ရသည်။

မဖြစ်မနေ လုပ်စရာတစ်ခုက ကျောင်း အမှတ်တရ အင်္ကျီတစ်ထည် ဝယ်ရသည်။ တစ်နှစ်လုံးလုံး ကျောင်းအမှတ်တရပစ္စည်း မယ်မယ်ရရ မဝယ်ဖြစ်ခဲ့။ နောက်မှဝယ် မည်ဟု တေးမှတ်ထားပြီး ကျောင်းပြီးမှပင် ဝယ်ဖြစ်တော့သည်။ ပစ္စည်းတွေက ဈေးကြီးလှသည်။ ခေါင်းစွပ်အင်္ကျီတွေဆိုလျှင် ၃၅ ပေါင် (ကျပ် ၇၀၀၀၀) အထိ ရှိသည်။ အပြင်တွင် အနွေးထည်တစ်ထည်ကို အများဆုံး ၂၅ ပေါင်ခန့်သာ ပေးဝယ်ဖူးရာ ထိုမျှဈေးပေးရန် လက်တွန့်လှသည်။

နောက်ဆုံးတော့ ၁၀ ပေါင်မျှ ကျသင့် သော ဈေးခပ်ပေါပေါ တီရှပ် တစ်ထည်သာ ဝယ်ဖြစ်သည်။

ကျောင်းပရဝုဏ်အတွင်း ပတ်ကြည့် တော့မှ ကျောင်းဝန်းကျင်ကြီးက ပြန်ခါနီး လေမှ ပိုလှနေသလိုပင်။ ဆောင်းဝင်ပြီဖြစ်ရာ ရွက်ဝါများ ကြွေနေပြီ။ မိုးကတော့ ထုံးစံအတိုင်း ခပ်ပါးပါးနှင့် တစ်စိမ့်စိမ့် ရွာတတ်သေးသည်။ အအေးလည်း ပိုလာပြီ။ အချို့မိုးအုံ့ပြီး လေတိုက်သော နေ့တွေ ဆိုလျှင် အချမ်းဒဏ်က ၁၀ ဒီဂရီစင်တီဂရိတ် အောက်အထိ ရောက်သွားတတ်လေပြီ။

အတန်းတွေလည်း ပြန်စပြီဖြစ်ရာ ကျောင်းသားသစ်များက လန်းလန်းဆန်း ဆန်းဖြင့် ကျောင်းဝင်းအတွင်း ခပ်သွက် သွက်  လျှောက်နေကြပြီ။ အတန်းချိန် တစ်ချိန်နှင့် တစ်ချိန် ကူးချိန်ဆိုလျှင် လမ်းတစ်လျှောက် တစ်ဦးနှင့် တစ်ဦး မျက်နှာချင်းဆိုင် လွှဲရန်ပင် မလွယ်။

သွားနေကြ သစ်တောလမ်း၊ စာကြည့်တိုက်ရှေ့လမ်းတို့တွင် ပုံမှန်အတိုင်း အတန်းကူးချိန် လူစည်သည်။ အနီးအနားရှိ ကျောင်းသား ကော်ဖီဆိုင်များတွင် လူတန်းရှည်ကြီး စောင့်ရသည်။ အတန်းချိန်စသွားပြီ ဆိုလျှင်တော့ လူအတော်ကို ပါးသွားတတ်သည်။

ယမန်နှစ် မဟာတန်းကျောင်းသားများက ကျမ်းတင်ပြီးချိန်၊ အချို့က ကျမ်းတင်ရန် ရက်ချိန်းနောက်ဆုတ်ခွင့်တောင်း ပြီး အဆုံးသတ်ရေးသားနေကြချိန် နောက် အတန်းကျောင်းသားသစ်များက အတန်းသစ် တက်နေကြပြီဖြစ်သည်။

ရာသီတစ်နှစ်တောင် ပြန်လည်လာ ပြီကိုး။

ရာသီကတော့ ယခုနှစ် အအေးဝင် ပိုစောသလိုပင်။ ကျန်တာတွေကတော့ ထူးထူးခြားခြား မရှိလှ။ ထုံးစံအတိုင်းပင်။ အင်္ဂလန်နွေရာသီ ထိုထက် ပိုရှည်မည်ဟု ထင်ထားသော်လည်း ခပ်မြန်မြန်ပင် ကုန်သွားသည်။ နွေရာသီတွင် ဥရောပ တွင် ရက်သတ္တပတ်တော်တော်များများ လမ်းသလားလိုက်သောကြောင့်လည်း ဖြစ်နိုင်သည်။

တစ်နှစ်လည်ပြန် အဖြစ်အပျက်များကို ပြန်သတ္တု ချကြည့်သည်။

ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ် တစ်ခုခု လုပ်မည်ဟု မှန်းထားသော်လည်း မလုပ်ဖြစ်လိုက်။ စာတွေကတော့ ယခင် ကတည်းက တစ်ချိန်လုံးကြီး ကြိုးစားနေ မည်ဟု မမှန်းထားခဲ့။ ထိုက်သင့်သလောက် တော့ ဖတ်ဖြစ်သည်။ အတန်းတွင် အမှတ် ရရန် စာဖတ်၊ စာရေးဖြစ်ခြင်းနှင့် ကိုယ် ဖတ်လိုသော စာကို လွတ်လွတ်လပ်လပ် ဖတ်ရခြင်းတို့ မျှမျှတတလုပ်ဖြစ်ခဲ့သည်ဟု ထင်သည်။

ကျောင်းစာကိစ္စ ပြန်တွေးမိပါက ယခင်က မစဉ်းစားဖြစ်ခဲ့သော ကိစ္စရပ်များ ခေါင်းထဲ ပိုရောက်လာသည်။ ဥပမာ ရာသီဥတုကပ်ဘေး ကိစ္စ၊ ဒေသတွင်းရှိ စီးပွားရေးကို ပိုအလေးပြုရန် ကိစ္စ၊ နယ်ဒေသ များကိစ္စကို ပိုအလေးစိုက် တွေးမိလာ သည်။

ကမ္ဘာအရပ်ရပ်မှ မိတ်ဆွေသူငယ်ချင်းများ ရလာသည်။ အချင်းချင်း စကားပြော ကြရင်း သင်ယူရသည်မှာလည်း စိတ်ဝင် စားဖွယ်ရာဖြစ်သည်။

တစ်နှစ်လုံးမှာ လွတ်လွတ်လပ်လပ် တွေးနိုင်သည့် အချိန်လည်း ဖြစ်ခဲ့သည်။ ရာသီဥတု ခပ်အေးအေးတွင် တခါခါ ဝိုင်လေး တစ်ခွက်နှစ်ခွက် သောက်ရင်း စဉ်းစားခြင်း၊ စာရေးသားခြင်း အမှုတို့ပြု နိုင်ခဲ့သည်။ ယခင်ကထက် တွေးခေါ်စဉ်းစားပုံ ပိုလွတ်လပ် ရဲဝံ့လာသည်ဟု ထင်မိသည်။

တက်္ကသိုလ်တက်ခြင်းကား ဆရာတစ်ဦး ပြောသလို ဆိုပါက တတ်သွားရန် မဟုတ်။ ပိုပြီး စဉ်းစားတတ်လာရန်၊ မည်သို့ ဆက်လေ့လာရမည်ကို ပိုသိလာရန် ဖြစ်သည်။ အချို့က နိုင်ငံခြား ကျောင်းသွားတက်ပါက အကုန်တတ် သွားသည်ဟု ထင်တတ်ကြသည်။

သို့သော် ထိုသို့ မဟုတ်ပါ။ ယခင် က ကိုယ်သိခဲ့၊ တတ်ခဲ့သည်ဟု ထင်သော အရာအချို့ပင် သိပ်မသေချာဖြစ်လာတတ် သည်။ တစ်ခုခုကို ပြောတော့၊ ရေးတော့ မည်ဆိုပါက ထည့်သွင်းစဉ်းစားစရာ ပိုများ လာသည်။ ပိုလေ့လာလေလေ၊ ကိုယ်သိထား သည့် အရာများမှာ ပိုမသေချာလေလေ ဖြစ်သည်။ စဉ်းစားစရာများ ပိုကျယ်ပြန့် လာသည်ကတော့ အမြတ်ပင်။

ဥရောပကိုတော့ ထင်တာထက် ပိုလည်ဖြစ်ခဲ့သည်။ ဗြိတိန်တွင်းတော့ သွားဖြစ်မည် ထင်ထားသော စကော့တလန် ကို မရောက်ဖြစ်ခဲ့။ အင်္ဂလန်ကျေးလက်နှင့် မြို့ပြတို့ကို အချိုးမျှစွာ သွားလည်ဖြစ်ခဲ့ သည်ကတော့ လုံးဝကျေနပ်စရာ ဖြစ်ခဲ့ သည်။

ပုံမှန်အားဖြင့် မြို့ပြနှင့် ကျေးလက် တို့အကြား မတူညီသော အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်၊ အဆောက် အအုံ ပုံစံများ၊ လူနေမှု စနစ်များကိုတွေ့ ရှိ လေ့လာရသည်။ ဘတ်စကား စနစ်၊ ရထားစနစ်၊ ကားလမ်း၊ စက်ဘီး လမ်း၊ လူလျှောက်လမ်းတို့ကို တည်ဆောက် ထားပုံက တစ်ခုနှင့် တစ်ခု မတူညီသော အလှ၊ မတူညီသော စဉ်းစားချက် အမျိုးမျိုး ဖြစ်သည်။ သို့သော် တူညီချက်မှာ ကျေးလက်နှင့် မြို့ပြကို အခြေခံအဆောက် အဦအားဖြင့် တတ်နိုင်သမျှ တူညီအောင် စဉ်းစားတည်ဆောက်ထားခြင်း ဖြစ် သည်။

ဥပမာ မြို့ပေါ်တွင် စက်ဘီးစီးလမ်း၊ လူလျှောက်လမ်း (ပလက်ဖောင်း) ရှိသကဲ့ သို့ ကျေးလက်တွင်လည်း စက်ဘီးစီး လမ်း၊ လူလျှောက်လမ်းတို့ ရှိသည်။ ရွာတော်တော်များများအထိ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် (လိုင်းကား) ရှိသည်။ မြို့ပြတွင် လိုင်းကားအစီးရေ ပိုများသည်။ ကျေးလက်တွင်တော့ တစ်စီးစီးကို တခါခါ မနည်းစောင့်ယူရ သည်။

လီဗာပူးရှိ အန်ဖီးလ်ကွင်းတွင် ဘောလုံးပွဲ တစ်ပွဲ ကြည့်မည်မှန်းထားခဲ့ သော်လည်း မကြည့်ဖြစ်ခဲ့။ ကွင်းအတွင်း လေ့လာရေး ခရီးသာ ရောက်ဖြစ်ခဲ့သည်။ ပရီးမီးယားလိဂ်ဘောလုံးပွဲက တစ်ရာသီစာ မဝယ်ကြည့်သူတို့အတွက် တစ်ပွဲလျှင် ပေါင် ၂၅၀ (ကျပ် ငါးသိန်း) ခန့်ရှိရာ မကြည့် ပျော်လှပေ။ ထိုသို့ဖြင့် ကွင်းအတွင်းလေ့ လာရေးခရီးကိုသာ ၁၅ ပေါင်ပေးဝင်ကြည့် ခဲ့သည်။

တစ်နှစ်စာကို သတ္တုချကြည့်ပါက စာဖတ်ချိန်နှင့် အခြား လည်ပတ်လေ့လာ ချိန်များ မျှမျှတတဖြစ်သဖြင့် အတော် အတန်တော့ စိတ်ကျေနပ်ရသည်။ တစ်ကိုယ်တည်း အချိန်များကို အဆင်ပြေသလို စီမံလမ်းကြောင်းသည့် အတွေ့အကြုံ ဆိုးကိုလည်း ကောင်းကောင်းရခဲ့သည်။ ရာသီခပ်အေးအေးတွင် တခါခါ ကွေးရင်း စဉ်းစားစရာများလည်း ရတတ်သည်။ တခါခါတော့ ပျင်းစရာ အကောင်းသား။

ကျမ်းတင်ပြီးချိန် သိပ်လည်း အနား မရလှပါ။ အပြန်အတွက် ပြင်ရတော့သည်။ ပစ္စည်း ပစ္စယျများ သိမ်းဆည်းရသည်။

အလာတုန်းကတော့ အထုပ်နှစ်ထုပ် ပါသည်။ စားစရာများ တစ်ထုပ်နှင့် အဝတ် အစားများ တစ်ထုပ်ဖြစ်သည်။ ယခုအပြန် တွင်တော့ စားစရာ အစား စာအုပ်များ ဖြစ်သွားသည်။ ထိုကြောင့် အပြန်တွင်လည်း အထုပ်က နှစ်ထုပ်ပင်။ အဝတ်အစားများ တစ်ထုပ်နှင့် စာအုပ်များ တစ်ထုပ်ဖြစ် သည်။

ဗြိတိန်တွင် နွေအကုန် ဆောင်းဦးဝင်ချိန် မြန်မာနိုင်ငံတွင်လည်း မိုးအကုန် ဆောင်းအကူး ဖြစ်သည်။

သို့သော် ဆောင်းအမည်သာ တူသော်လည်း အေးပုံအေးလက်ကား နည်းနည်းမျှ ပင် မတူလှပါ။ မြန်မာနိုင်ငံ၏ ဆောင်းမှာ အင်္ဂလန်နွေထက်ပင် များစွာပိုပူသေးသည်။ ဥတုဘေးအတွေ့၊ ရာသီများ အပြောင်း တွင် ကမ္ဘာကြီးက ပိုပူလာဖို့ ရှိသည်။ ဥရောပ အဲလ်ပ်တောင်တန်းက နှင်းခဲကြီးများပင် တဖြည်းဖြည်း အရည်ပျော် သေးငယ်လာသည်။

မြန်မာနိုင်ငံလည်း ပိုပူလာဖို့ရှိသည်။ ပိုအစွန်းရောက်သော ရာသီဘေးဒဏ် ပိုခံလာရဖို့ ရှိသည်။

မပြန်ခင် လန်ဒန်တွင် တစ်ညအိပ် သည်။ မိတ်ဆွေများကို နှုတ်ဆက်သည်။ လန်ဒန်ဆောင်းအဝင်ကလည်း တခါခါ နေသာသည့်တိုင် ထုံးစံအတိုင်း အေးစိမ့်ကာ လေတိုက်နေသေးသည်။

အင်္ဂလန်ရာသီအေးအေးတွင် တစ်နှစ်တာ တွေးတွေးငေငေးနေခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ပိုပူလာသော ရာသီနှင့် ကြုံရပြန်ဦးတော့မည်။ ကံမကောင်း လှစွာပင် ယခုနှစ် မြန်မာ့ဆောင်းက ပိုပူပြီး ဆောင်းရက်များလည်း ယခင်ထက် တိုဦးမည်တဲ့လေ။         ။

ဖစု

စာရေးသူမှာ အင်္ဂလန်နိုင်ငံ ဘရစ္စတိုမြို့ရှိ ဘရစ္စတိုတက္ကသိုလ်တွင် ပြည်သူ့ရေးရာ (MSc Public Policy) အတန်း တက်ရောက် သင်ယူခဲ့သော ထားဝယ်ဒေသခံတစ်ဦး ဖြစ်သည်။ နိုင်ငံတကာတွင် ကျင့်သုံးနေသော တက္ကသိုလ်ပညာရေးပုံစံကို တို့ထိ မြည်းစမ်းနိုင်ရန်လည်းကောင်း၊ သက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံရေး၊ ယဉ်ကျေး မှု ထုံးထမ်းဓလေ့များကို တစ်စိတ်တစ်ပိုင်း နားလည် သင်ခန်းစာယူနိုင်ရန် ယခု အခန်းဆက် ဒိုင်ယာရီကို တစ်နှစ်အတွင်း အလျင်းသင့်သလို ဖော်ပြခဲ့ပါသည်။ ယခုနိဂုံးပိုင်းအထိ အစဉ်အဆက်အားပေး ခဲ့သော စာပရိသတ်များကို ကျေးဇူးတင်ရှိ ပါသည်။

အယ်ဒီတာ