အေငြ႕၀ကၤပါ

0
1700

ယခုစာနှင့်လာသူအား ဆေးပြင်းလိပ် တစ်ထုပ်ရောင်းပေးလိုက်စေချင်ပါသည် ခင်ဗျား

             ကျေးဇူးတင်စွာဖြင့် 

ဘကျော် 

လို့ရေးထားပြီး အဖိုး လက်မှတ်ပါ စာရွက်ခေါက်လေးနဲ့ ပိုက်ဆံကို သံဘာဂျာ တံခါးကြားကနေ လက်လှမ်းယူနေတဲ့ ရင်ဖုံးအင်္ကျီ ထမီခြေဖျားသီဝတ်၊ ဆံထုံး နဲ့အဒေါ်ကြီးလက်ထဲထည့်လိုက်တော့၊ စာကို အသေအချာဖတ်၊ အရောင်းစာရင်း လယ်ဂျာထင်ရတဲ့ စာအုပ်ရှည်လေးထဲမှာ နေ့စွဲ၊ နာမည်၊ ဦးရေ စတာတွေ ရေးဖြည့်၊ အိမ်အနောက်ဖက်ခြမ်း အလုပ်ခန်းထဲ ဆေးလိပ်တစ်ထုပ်ယူလာပေးဖို့ လှမ်းအော် မှာပြီး၊ ကာကီစက်္ကူ နဲ့ ပက်ကင်ထုပ်ပိုး ထားတဲ့မြသင်းဆွေတံဆိပ်ပါ ဆေးပြင်း လိပ်တစ်ထုပ်ကိုသံဘာဂျာတံခါးသော့ ခလောက်ဖွင့်ပြီး ကျွန်တော့်ဆီပြန်ပေးတယ်။

စာအုပ်စာပေ သည်းကြီးမည်းကြီး စဖတ်တဲ့အချိန်၊ မဂ်္ဂဇင်းတွေထဲမှာ တွေ့ရ၊ လေးစားအားကျရတဲ့ တော်လှန်ရေးသမား ချေဂွေဗားရား ကျူးဘားဆေးပြင်းလိပ် ခဲနေပုံက၊ ဖျင်စခင်းသစ်သား ခေါက်ပက်လက် ကုလားထိုင်ပေါ် ခြေထောက်ချိတ်ထိုင်၊ တစ်ခုခုကို လေးလေးနက်နက် တွေးနေဟန် နဲ့ ဆေးပြင်းလိပ်ကို မျှင်းဖွာတတ်တဲ့ အဖိုးရဲ့ပုံရိပ်ကို မမီဘူးလို့ ကျွန်တော့်စိတ်ထဲ အခုထိ ထင်ဆဲပဲ။ နာမည်ကြီး သွားစိုက် ဆိုင်တစ်ခုမှာ ကိုက်နေတဲ့သွားပြပြီး နှုတ် ခိုင်းတော့ လက်သင်တပည့်နဲ့တိုး၊ လက်တည့်စမ်း ခံခဲ့ရပြီး သွားအမြစ်ကျန်၊ အာရုံကြော ထိသွားလို့ ပူပူနွေးနွေး ပျော့ပျော့ပြြဲပဲ စားစရာမဟုတ်ရင်၊ ရိုးရိုးရေတောင်သောက် လို့မရဘဲ သေတဲ့အချိန်ထိ သွားကိုက် ရောဂါခံစားခဲ့ရသူ အဖိုးဟာ ခံတွင်းရှင်း စေတဲ့ ဗလရှင်ဆေးပြား၊ ဂျင်တန်ဆေးလုံး၊ အကိုက်အခဲသက်သာအောင် ပါးခြမ်းမဲ ဆေးမှုန့် စတာတွေ သုံးသလို၊ ဖွာပြီးလို့ တိုနံ့နံ့ကျန်တော့တဲ့ ဆေးပြင်းလိပ်ဖင်ကို ရှေ့သွားနဲ့ ကိုက်ဖြတ်ပြီး သွားကိုက်တဲ့ နေရာထည့်ငုံထားလေ့ ရှိတယ်။

အဖေက ဘောက်ဖတ်လို့ခေါ်တဲ့ ကွမ်းသီးဖက် ဆေးလိပ်ကြိုက်တယ်။ ထားဝယ်လမ်းဆုံကြီးအနားက ဒေါ်နုနုရီရဲ့ နာမည် ကျော် “ဂဏန်း”ကို စွဲစွဲလန်းလန်း သောက်သူတစ်ယောက်ပေါ့။ ဆင်ပုနစ်ထဲ က“သူဇာမယ်” ၊ “ကျောက်တိုင်” ၊ ပိန္နဲတောက “ကြွက်မင်း”၊ နာမည်ကြီး  “တစ်သုံးလုံး”၊ ““ကျောက်ဆူး” ၊ “ရွှေငါး”၊ “မထွန်းမေ”နဲ့ အခြားခြားသော မမှတ်မိတော့တဲ့ ““ဘောက်ဖတ်ဆေးလိ””များ။ နေသာတဲ့ရက်မနက်ပိုင်း အဲဒီ အိမ်တွေရှေ့ ဖြတ်သွားရင် ဆေးလိပ် လိပ်ဖို့ ပါးပါးလွှာလွှာ ခွာဆုတ်ထားတဲ့ ကွမ်းသီး ဖက်တွေနဲ့ ဆေးစာတွေကို နေပြထုတ် လှမ်းထားတာ မြင်ရတတ်တယ်။

အောက်လမ်းလို့ခေါ်တဲ့ မှောင်ခို လမ်းကြောင်းကနေ ဆေးပြင်းလိပ်ကို မလေးရှားပီနံအရောက် တရားမဝင်ခိုးထုတ်ရောင်းရအောင်နာမည်ကြီး လူကြိုက် များကြတဲ့ ထားဝယ်ဒေသထွက်“မသင်းဆွေ”၊ “ပူးမင်း”၊ “တိုင်းရင်းသူ”၊ “မဟင် စိန်”၊ “ငှက်ဆင်ပျံ”၊ “မိသားစု”၊ “ကျွဲရိုင်း”တို့လို ဆေးပြင်းလိပ်တွေဟာ ဝယ်လိုအား များလွန်းတာကြောင့်၊ ဆေးလိပ်ခုံပိုင်ရှင် တွေလည်း မြို့မျက်နှာဖုံး ငွေရှင်ကြေးရှင် တွေအဖြစ် လူသိများဝင်ငွေကောင်းခဲ့၊ အောင်မြင်တဲ့ လုပ်ငန်းရှင်တွေ ဖြစ်ခဲ့ကြ တယ်။

ကျွန်တော်တို့ မမီခဲ့တဲ့ ကိုလိုနီခေတ် ကတည်းက ထားဝယ်ကနေ ကျွမ်းကျင်တဲ့ ဆေးလိပ်သမတွေကို မလေးကျွန်းစု ပီနံအထိ ရေလမ်းကနေ ပင်လယ်ခရီး ဖြတ်ခေါ်၊ စွန့်စွန့်စားစားသွားပြီး၊ အခုချိန် တိုင်အောင် မလေးရှားပီနံမှာ မြန်မာ နာမည်နဲ့ လမ်းတွေရပ်ကွက်တွေ တွင်ရစ် အောင် စွန့်ဦးတီထွင်ဆေးပြင်းလိပ်ခုံ ထောင်ပြီး စီးပွားလုပ်နိုင်ခဲ့ကြသူတွေက လည်း အားကျချင်စရာ။ ဂုဏ်ယူ ကျေနပ် လေးစားချင်စရာ စိတ်ကူးဉာဏ်ကူး ကောင်းလှသူတွေပါ။

အခုကမ်းနားဈေးနေရာ အရင် လှည်းရုံကြီးဆိပ် ဆင်းတဲ့လမ်းက တရုတ် ပွဲရုံတန်းလျား အခန်းတစ်ခုမှာ ဘဲကလေး တစ်ကောင်ပုံနဲ့ “ဝမ်းဘဲ” ဆေးပေါ့လိပ် ဆိုင်းဘုတ်တင်ထားတယ်။ သနပ်ဖက် သောက်တဲ့သူ အတော်များများရဲ့ အသည်းစွဲ “ဘဲဆေးလိ”ပေါ့။ သနပ်ဖက် ဆေးလိပ်လောကမှာ နှစ်ပေါင်းလေးဆယ် နီးပါး အောင်လံထူ တံခွန်စိုက်နိုင်ခဲ့ပြီး တပြည်လုံး ပျံ့နှံ့အောင်ဖြန့်ချိရေး စလုပ် နိုင်ခဲ့တာက မန္တလေးက နဂါးဒေါ်ဦးရဲ့ နိုင်ငံကျော် “နဂါး” ဆေးပေါ့လိပ်လို့ သိရတယ်။ ကျွန်တော်တို့ လူလားမြောက်စ အချိန်က ဆေးရွက်စိုက်တဲ့ ဒေသဖြစ်တဲ့ မြင်းခြံနယ်၊ မန္တလေးနဲ့ ပဲခူးဒေသ ထုတ်ကုန် ဆေးပေါ့လိပ်တွေ မြန်မာတစ်ပြည်လုံး ခြေဆန့်ခဲ့တဲ့အချိန်။ တော်တန်ရုံလူ စီးကရက်လက်ကြားညှပ်ဖို့ မလွယ်သေးတဲ့ အချိန်။ ပြည်တွင်းထုတ် ခပေါင်း၊ ဒူးယား၊ ပုပ္ပားကို “ဦးလွယ်”မီးခြစ်ဆောင်ပြီး သောက်တဲ့သူတွေကြား ငါးသုံးလုံး၊ ဘင်စင် ကို ဇစ်ပိုမီးခြစ် တဖျောက်ဖျောက် ခြစ်ပြ ပြီး ခဲနိုင်ရင်သူဋ္ဌေးစာရင်းဝင်တဲ့အချိန် ပေါ့။

ကျော်ဟိန်းလို လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ နိုင်ငံကျော်မင်းသားတောင်၊ “ပြည်လုံးချမ်းသာ”တံဆိပ်၊ ပန်းချီ ရွှေစိုးဟန်ရဲ့ လက်ရာကြော်ငြာတွေနဲ့ ဆေးလိပ်စီးပွားထဲခုန်ဝင်၊ နယ်ပယ်ချဲ့ ထွင်ချင်လာအောင် မက်လောက်စရာ စားသုံးသူဈေးကွက်ခိုင်မာလေတော့၊

အရင်းအနှီးများ လက်ထဲရှိရင် ဆေးပေါ့လိပ် ကိုယ်စားလှယ်လုပ်ရကောင်း မလား အတော်များများ စဉ်းစားကြတဲ့ ခေတ်။ “သုခိတာ”၊ “ငွေတောင်”၊ “ကလေးဝ”၊ “နေလ”၊ “ရွှေဒေါင်းပျံ”၊ “ရွှေကျား”၊  “နဂါးမင်း”၊ “နှင်းဆီနက်”၊ “ဝမ်းစတား”၊ “ဖိုးဝ”။ ပေါက်ရင်စား၊ မပေါက်ရင် နားကားတတ်တဲ့ ဆေးပေါ့လိပ် စီးပွား ဟာလည်း ကျွန်တော်တို့ ထားဝယ်မှာ တချိန်က စီးသွားဖူးခဲ့တဲ့ မြစ်ရေ။ ရှေးကလူတွေ ဆေးစာကို စက္ကူ ကတော့ ထိုးပြီး လိပ်သောက်သလိုမျိုး(ပွတ်ချွန်း)ပုံစံ၊ လက်သန်းအရွယ်လောက်တောင်မရှိတဲ့ ပိစိညှောက်တောက် ဆေးလိပ်ကလေး တွေကို လုပ်ရောင်းသူတွေလည်းရှိကြ သေးတယ်။ ဘီဒီဆေးလိပ်လို့ ခေါ်ကြတာပဲ။

ဆေးရွက်ကြီးထွက်တဲ့ ပဲခူးအရှေ့ ခြမ်း မဒေါက်၊ ရွှေကျင်၊ မြို့လှစတဲ့ နယ်တွေက စိုက်ခင်းထဲ အရောက်ကုန်း တတန်၊ ရေတတန်ရောက်အောင်သွား၊ ပျိုးစရိတ်စိုက်စရိတ် ငွေကြိုထုတ်ပေး၊ ထွက်တဲ့ ဆေးရွက်ကြီးဝယ်၊ မြို့ရွှေဝယ် အရောက်သယ်ပြီး ဆေးလိပ်ခုံတွေက စီးပွားဖက်အဖြစ် အားကိုးရတဲ့ ဆေးရွက် ကြီးရောင်းသူတွေကလည်း မီးခိုးထွက် စီးပွားရေးမှာ အရေးပါကြသူတွေ။

ထွက်တဲ့ဒေသကနေတစ်ဆင့် ပြန်သယ်ရမယ့် ရန်ကုန်ရောက်ရင်၊ သဘောၤဆိပ်၊ ကားဂိတ်နီးနီးနားနား၊ သိုဖို့ လှောင်ဖို့ နေရာကျယ်ကျယ်ဝန်းဝန်း ရှိတဲ့ ဂိုဒေါင်မျိုး ရှာဖွေငှားရမ်းပြီး ဆေး ရွက်ကြီးပို(ဂုံနီပိုင်းတွေကိုအလျားလိုက် ဆက်စပ်ချုပ်ခင်း ထားတဲ့အပေါ် ဆေးရွက် တွေစီဖြန့်ခင်းပြီး လူပျိုပေါက်ကလေးနှစ် ယောက်ဖက်စာလောက်ဖြစ်အောင်လိပ်ထားတာကို ဆေးရွက်ကြီး တစ်ပိုလို့ ခေါ်တာပဲ) တွေကို အမှုန်အမွှားအနာအဆာကင်း၊ အပူလောင်ပြီး ရိသွားရော်သွားတာမျိုး မဖြစ်အောင် သေချာအချိန်ယူ သန့်သန့် ပြန့်ပြန့် လိပ်ရတယ်။ ပြီးတော့မှ “ဥပေါ သထ”  “ပြည်ရတနာဝင်း” “ရွှေဧကရီ” တို့လို ရန်ကုန်-ထားဝယ်ပြေးတဲ့စက်လှေ ကြီးတွေနဲ့ တဆင့်သယ်၊ ထားဝယ်ရောက် တဲ့အချိန် ဆေးလိပ်ခုံက ဖောက်သည်တွေ လက်ထဲမရောက်ခင် ရောင်းပန်းလှအောင် ဆေးရွက်ကြီးပိုတွေကို ပြန်ပြင်ပြန် လိပ်ပြီးမှ ရောင်းကြတယ်။ ဘန်းစကား၊ အထာစကားနဲ့ “သနပ်ခါးလူး”ပေးတယ် ဆိုပဲ။ ပြင်ပြီးသား ဆေးရွက်ကြီးပိုတွေကို ထိုးသီထားတဲ့ဝါးချွန်တုတ်ချောင်းတွေ ဖြုတ်၊ အလိပ်ဖြေဖြန့်ခင်းပြလိုက်တဲ့ အချိန်၊ အဆီအနှစ်ပြည့်ပြည့် ရွှေအိုရောင် ဆေးရွက်ကြီးတွေကို မြင်လိုက်ရရင် ဆေးလိပ်ခုံပိုင်ရှင်တွေဟာ တောင်းတဲ့ ဈေးပေးဝယ်ဖို့ အဆင်သင့်ပေါ့။ အဲဒီလို သနပ်ခါးလူးအလှပြင်ပေးလို့ရအောင် အဆီပြည့်၊ အရွက်လှ၊ အရောင်စိုတဲ့         “ရွှေဒင်္ဂါး” ဆေးရွက်ကြီးတွေကို သပ်သပ် ဖယ်ထားပြီး ဆေးရွက်ကြီး အလှဖန်တီး ရှင် လုပ်နိုင်တဲ့ ဆေးရွက်ပြင်၊ ဆေးပိုပြင် လုပ် နိုင်တဲ့သူတွေလည်း အဲဒီလောကမှာ ဆရာတစ်ဆူပါပဲ။

နှာခေါင်းကျပ်ခိုးစွဲအောင် သောက်တဲ့ ကောင်လို့ ဆေးလိပ်အသောက်ကြမ်းသူကို သမုတ်ကြတယ်။ အဆုတ်အိမ်ကလေးဟာ ထုတ်၊ လျှောက်၊ ဒိုင်း၊ မြှား ထောက်ကန် ထားသမျှ အကုန်ပျက်စီး၊ မိုးတွေကြီး၊ နှင်းတွေကျ၊ ရာသီဥတုက အအေးဖက်ပြ လာရင် အနုတ်လက္ခဏာ ပြချင်၊ အလေး အပင်မနိုင် ဟောဟဲ ဆိုက်ချင်၊ ခရုနဲ့ အပြေးပြိုင်ရင်တောင်မှ ပန်းမဝင်။ အင်္ကျီ ပုဆိုးမှာမီးပေါက်ရာတွေဖြစ်အောင် အဖက် ကြမ်းတဲ့ဖက်ကြမ်းဆေးပေါ့လိပ်ကို တောင်မှ “ညမထွက်ရ”အမိန့်ထုတ်ထား လို့ဝယ်မရတော့တဲ့ သန်းခေါင်သန်းလွဲ အချိန်၊ ဖင်စီခံထိအောင်သောက်ပြီး လွှင့်ပစ် ထားတဲ့ဆေးပေါ့လိပ်အတိုအစတွေထဲက အကောင်းဆုံးလို့ ယူဆရတဲ့ဟာကို ပြန် ကောက်ပြီး တရှိုက်မက်မက်ဖွာရတဲ့အထိ စွဲလန်းမှုပြဿနာပေးနိုင်တာ “နီကိုတင်း”  အမည်ရတဲ့ဓာတ်တမျိုးကြောင့်လို့ ဆေးသိပ်္ပံပညာရှင်တွေက ထောက်ပြကြတယ်။

“မဝယ်ဘူး

မယ်ခူးတဲ့ဖက်စို

မီးမကူ နေပူမှာမကင်အားလို့

ထားရတယ်အိပ်ရာအောက်မှာ

မင်းသောက်ဖို့ကို”

“ဆေးတံတိုတညိုလောက်

ရော့သောက်တော့ပေး

မယူလိုက်ကမိုက်လို့ထင်

ယူလိုက်ပြန်ကကြိုက်လို့ထင်

သောက်စေချင် ကုတင်တွင်ထောင်

ခဲ့ကွဲ့ ညိုနွဲ့ရဲ့လေး”

“ဆေးလိပ်လည်းတို

နေလည်းညိုပြီ

ငါ့ကို ပြန်ပို့ကြပါလေ” တဲ့။

ရှေးကလူ၊ ရှေ့ကလူတွေ ကဗျာသီ၊ စာစီခဲ့ကြတဲ့အထဲက ကျောင်းသားလူငယ် တွေ အတုယူမှားမတဲ့။ ကျောင်းသင်ခန်း စာတွေထဲက ဖြုတ်ထုတ်သတ်ခံရတဲ့      “မယ်ခွေ” ရဲ့ကဗျာကိုနှမျောရင်း။ “ဆေး လိပ်သောက်ခြင်းသည် ကျန်းမာရေးကို (ဆိုးရွားစွာ)ထိခိုက်နိုင်ပါသည်” ကျန်းမာ ရေးအသိပညာပေးစာတန်းတွေ။ ဆေးလိပ်ဖွာရှိုက်နေတဲ့ဇာတ်ဝင်ခန်းတွေကိုမှုန် ဝါးဝါးဆင်ဆာဖြတ်တောက်ထားတဲ့ ရုပ်ရှင်တွေကိုကြည့်ရင်း။ ၆စက္ကန့်မှာ တစ်ဦးနှုန်းနဲ့တစ်နှစ်မှာ ၆သန်းနီးပါးဆို တဲ့ ဆေးလိပ်ကသတ်တဲ့ လူဦးရေကိန်း ဂဏန်းကိုလည်း လန့်ဖျပ်ရင်း။

ကျွန်တော်တို့အားလုံးဟာ သေခြင်းတရားရဲ့ အရှိုက်အဖွာခံ ဆေးလိပ်တွေ ဆိုတာကိုလည်း မေ့မနေကြဖို့တော့လိုတယ် မဟုတ်လား။

အေဒီသစ်