လမ်း/ရေမြောင်း မလွတ်သည့် ဖုန်းတိုင်၊ လျှပ်စစ်မီးတိုင် အများစု မနုတ်သေး

0
514

ထားဝယ်မြို့အတွင်း လမ်း၊ ရေမြောင်းတို့နှင့် မလွတ်ကင်းသည့် ဖုန်းတိုင်နှင့် လျှပ်စစ်မီးတိုင်အများစုကို မနုတ်သေးကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အဆိုပါဖုန်းကြိုးတိုင်များနှင့် လျှပ်စစ်မီးတိုင်များ ပြန်နုတ်ရန် သို့မဟုတ် နေရာပြောင်းရွှေ့ရန်အတွက် သက်ဆိုင် ရာ ဖုန်းအော်ပရေတာများ၊  လျှပ်စစ်ဌာန တို့နှင့် စည်ပင်ကော်မတီတို့ အကြိမ်ကြိမ် အစည်းအဝေးလုပ်ခဲ့ကြသည်။

ယင်းနောက် စက်တင်ဘာလ နောက်ဆုံးအပတ်က ပြုလုပ်သည့်အစည်း အဝေးတွင် လမ်း/ရေမြောင်းနှင့် မလွတ် ကင်းသည့် ဖုန်းတိုင်များကို အောက်တိုဘာ လ ၁၀ ရက် နောက်ဆုံးထားကာ နုတ်ပေး ရမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

သို့ရာတွင် ဖုန်းတိုင်အချို့ကိုသာ နုတ်ခြင်း နေရာပြောင်းရွှေ့ခြင်းများ လုပ်ဆောင်ခဲ့ပြီး တိုင်အများစုမှာ ယခင် အတိုင်းပင် စိုက်ထူသွယ်တန်းထားဆဲ ဖြစ်သည်။ အထက်ပါတိုင်များကျန်ရှိ နေသေးသည့်အတွက် အောက်တိုဘာလ ၂၄ ရက်တွင် ထပ်မံဆွေးနွေးခဲ့ကြသည်။

ထားဝယ်မြို့အတွင်း နေရာပြောင်း ရွှေ့ သို့မဟုတ် ပြန်နုတ်ရမည့် ဖုန်းကြိုး တိုင် တစ်ရာကျော်နှင့် လျှပ်စစ်မီးတိုင် တစ်ရာကျော်ရှိသည်။

နေရာပြောင်းရွှေ့ သို့မဟုတ် ပြန်နုတ် ရမည့် ဖုန်းကြိုးတိုင် အချို့ကို လုပ်ဆောင် ထားပြီးဖြစ်သော်လည်း အများစုမှာ ကျန်ရှိနေဆဲဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီဝင် ဦးကျော်ကျော်ဦးက ဆိုသည်။

စည်ပင်သာယာရေးကော်မတီက Mytel, MBT, Ocean Wave စသည့် ဆက်သွယ်ရေးအော်ပရေတာနှင့် အင်တာနက် ကုမ္ပဏီတို့၏ တိုင်များကို  ပြန်နုတ်ခိုင်းခြင်း ဖြစ်သည်။

“မနုတ်တဲ့ဟာတွေကို နုတ်အောင်၊ နုတ်ဖို့ခက်ခဲနေတာတွေကို ဘယ်လိုခက်ခဲ နေလဲဆိုတာကို ပြန်ဆွေးနွေးတာပေါ့”ဟု ဦးကျော်ကျော်ဦးက ပြောသည်။

စည်ပင်ကော်မတီ၏မူမှာ လမ်းတစ်လမ်းတွင် တိုင်တစ်ခုသာရှိရမည်ဖြစ်သည့် အတွက် မြန်မာ့ဆက်သွယ်ရေး MPT တိုင်တွင် ကျန်သည့်အော်ပရေတာကုမ္ပဏီများ၏ ကြိုးများ သွယ်တန်းနိုင်ရန် အောက်တိုဘာလ ၃၀ ရက်တွင် အစည်းအဝေး ထပ်လုပ်ရန် ကုမ္ပဏီများနှင့် ချိန်းဆိုထားကြောင်း ၎င်းက ဆိုသည်။

Dawei Watch