FDA ထောက်ခံချက်မရှိသည့် ရေသန့်လုပ်ငန်းများ ရပ်နားရန် ညွှန်ကြား

0
781

တနင်္သာရီတိုင်းအတွင်း FDA ထောက်ခံချက်မရှိဘဲ ဈေးကွက်အတွင်း ရောင်းချနေသည့် ရေသန့်လုပ်ငန်းများကို လုပ်ငန်းရပ်နားထားရန် စက်တင်ဘာလ အတွင်းက ညွှန်ကြားထားကြောင်း တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ အတွင်းရေးမှူးက ပြောသည်။

လက်ရှိတွင် FDA ထောက်ခံချက် လျှောက်ထားဆဲ ရေသန့်လုပ်ငန်း ၂ ခု နှင့် လျှောက်ထားရန် အကြောင်းကြား ထားသည့် ရေသန့်လုပ်ငန်း ၄ ခုကို ထုတ်လုပ်ရောင်းချမှု ရပ်နားထားရန် စာပို့အကြောင်းကြားထားကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ရေသန့်လုပ်ငန်းများအနေ ဖြင့် ထောက်ခံချက်ရရှိသည်အထိ ရပ်နားထားရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူး ဒေါ်မေသန်းနိုင်က ပြောသည်။

“လျှောက်ထားဆဲတွေ လိုင်စင်မဲ့တွေ ဈေးကွက်ထဲမှာ ရောင်းနေမယ်ဆိုရင် သိမ်းရပါမယ်။ စက်ရုံကိုရပ်ဆိုင်းခိုင်းရမှာ ပေါ့”၎င်းက ဆိုသည်။

ထောက်ခံချက်မရှိသေးသည့် ရေသန့်ကို ဈေးကွက်အတွင်း မရောင်းချ ရန် ကော်မတီက တားမြစ်ထားသည်ဟုဆို သော်လည်း လက်တွေ့တွင် တွင်ကျယ်စွာ ထုတ်လုပ်ရောင်းချနေဆဲပင်ဖြစ်သည်။

လက်ရှိ မှာယူသောက်သုံးနေသည့် ရေသန့်ကို ထောက်ခံချက်ရရှိပြီးသားဟု ထင်သည့်အတွက် မှာယူသောက်သုံးနေ ကြောင်း ထောက်ခံချက်မဲ့ရေသန့် ဝယ်ယူ သောက်သုံးနေသည့် ထားဝယ်မြို့ ဇရစ် ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဒီရေသန့်က ဖုန်းမှာလိုက်ရင် ဝန်ဆောင်မှုကောင်းတော့ ဝယ်သောက် နေတာ၊ ထောက်ခံချက်မရှိသေးတဲ့ ရေသန့် တွေကို တားမယ်ဆိုလည်း ထိထိရောက် ရောက် လုပ်စေချင်တယ်”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ထောက်ခံချက်မရှိသည့် ရေသန့်က ဈေးကွက်အတွင်း ဈေးလျှော့ရောင်းချမှု များ ဖြစ်လာနိုင်ပြီး ထောက်ခံချက်ဖြင့် ထုတ်လုပ်ရောင်းချနေသည့်  ရေသန့်လုပ် ငန်းများ ဈေးကွက်ထိခိုက်လာနိုင်ကြောင်း ထားဝယ်မြို့ရှိ သမီးတော်သောက်ရေသန့် စက်ရုံ၏ မန်နေဂျာ ဦးစိုးကြည်က ဆိုသည်။

ယင်းအပြင် ထောက်ခံချက်မရှိသေး သည့် ရေသန့်ကို သောက်သုံးမိပြီး ပြဿနာ တစ်စုံတစ်ရာဖြစ်လာပါက တရားဝင် ရေသန့်လုပ်ငန်းများအတွက် အငြင်းပွား ဖွယ်ရာများဖြစ်လာနိုင်ကြောင်း ၎င်းင်းက ထောက်ပြသည်။

တနင်္သာရီတိုင်းအတွင်း FDA ထောက် ခံချက်ရ ရေသန့်လုပ်ငန်း ၂၇ ခု ရှိကြောင်း တိုင်းဒေသကြီး အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနFDA စာရင်းအရ သိရသည်။

ထောက်ခံချက် လက်မှတ်မရှိသည့် ရေသန့်နှင့် ထောက်ခံချက် သက်တမ်းကုန်ဆုံးနေသည့် ရေသန့်ထုတ်လုပ် ရောင်းချ နေသူများကို အမျိုးသားအစားအသောက် ဥပဒေအရ အရေးယူနိုင်ပြီး ယင်းဥပဒေအရ အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်အထိရှိကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

Dawei Watch