ဘော်အိုးဆိုး ပဲစေ့

0
731

သူတို့၏ အော်သံကို ခပ်လှမ်းလှမ်းကပင် ကြားနိုင်ပါသည်။

“ဘော်အိုးဆိုး … ပဲစေ့”

သူတို့၏ ဆွဲဆွဲငင်ငင် အော်သံက ကလေးတို့နှင့် ယဉ်ပါးပြီးသားဖြစ်သည်။ ထိုအသံက ကလေးတို့ကို ကြွပ်ရွနေသော ပဲစေ့လှော်ကို မြင်ယောင်စေသည်။ ပဲစေ့လှော် “ကြွပ်ခနဲ”ဝါးလိုက်ချင်စိတ်ကို နိုးထထိုးဆွစေပါသည်။

သို့ကြောင့် ထိုအသံကြားလျှင် ကလေးတို့က အိမ်ပေါ်တွင် မျက်လုံးကစား တော့သည်။ အထူးသဖြင့် မီးဖိုဆောင် (ထားဝယ် အခေါ် ဘုထောန့်)ထဲ ဝင်ပြေး ကြပါတော့သည်။

ဘော်အိုးဘော်ခွက်စုတ်နှင့် အသုံး မပြုတော့သည့် ဘော်ထည်ပစ္စည်းများ ရှာဖွေရန် ဖြစ်သည်။

ဘော်ထည် ပစ္စည်းတစ်ခုခု ရလာလျှင် အိမ်ရှေ့လမ်းမတွင် ဘော်အိုးဆိုးပဲစေ့ ဟု အော်သူကို ထွက်စောင့်မည်။

ဂုံနီအိတ်ကြီး ကျောပိုးပြီး ရောက်လာ သည့် ဘော်အိုးဆိုးပဲစေ့ကို မိမိလက်ထဲမှ ဘော်ပစ္စည်းအဟောင်း လှမ်းပေးလျှင် ဘော်အိုးဆိုးပဲစေ့သမားက သင့်တင့်သည့် ပဲစေ့လှော်ကို ပြန်ပေးပါသည်။

ထိုသို့ ဘော်ထည်ပစ္စည်းအဟောင်း များနှင့် ပဲစေ့ လိုက်လဲသူကို အားလုံးက ဘော်အိုးဆိုးပဲစေ့ဟုပင် အလွယ်ခေါ်ကြ သည်။

မြိတ်မြို့ မြို့သစ်ရပ်နေ အသက် ၅၅ အရွယ်ရှိ ဦးဌေးလွင်တို့ ငယ်စဉ်ကလည်း ဘော်အိုးအစုတ်နှင့် ပဲစေ့ လဲစားရ သည်က ပျော်စရာတစ်ခု ဖြစ်ခဲ့ကြောင်း ၎င်းက ပြောသည်။

“အိုးအစုတ်တစ်လုံးလောက် သွားပေး လိုက်ရင် လွယ်အိတ်ထဲကပဲစေ့ကို သူ့ လက်နဲ့ ၂ ကျုံးလောက် ထည့်ပေးတယ်။ အင်္ကျီနဲ့ခံပြီး သူငယ်ချင်းတွေ ဝိုင်းစား ကြတာပေါ့”ဟု ဦးဌေးလွင်က ပြောသည်။

နယ်ရွာများတွင် ထိုပဲစေ့လှော်မျိုး မုန့်ဆိုင်တွင် မရှိပါ။ သို့ကြောင့် ထိုပဲစေ့ လှော် ဝါးချင်လျှင် ၁၀ ရက်ခန့်ကြာမှ တစ်ခါလာသည့် ဘော်အိုးဆိုးပဲစေ့ကို မျှော်ရပါသည်။

ကိုယ့်တွင် ပဲစေ့ နည်းနည်းသာရလျှင် အင်္ကျီအိတ်လေးထဲထည့်ကာ ကုန်သွား မည်စိုးသဖြင့် တစ်လုံးချင်း စားကြရသည်။ တချို့ ယောက်ျားလေးများကသူများ တောင်းစားမည်စိုး၍ သစ်ပင်ပေါ်တက် စားကြသည်အထိ။

တချို့က ဘော်အိုးဆိုးပဲစေ့ လာချိန် အရန်သင့် လဲစားနိုင်ရန် ဘော်ထည် ပစ္စည်း အစုတ်လေးများ စုထားတတ်ကြ သည်။ လမ်းမှာ၊ တစ်နေရာရာမှာ ဘော်ပစ္စည်းများတွေ့လျှင်လည်း ကောက် လာကြသည်။

ဘော်အိုးဆိုးနှင့် ပဲစေ့ လဲသူကလည်း ဘော်ထည်ပစ္စည်းများလျှင် ချိန်ခွင်လေး ဖြင့်ထည့်ချိန်ကာ ပဲစေ့လှော်နှင့် အလေးတူ ချိန်ပေးတတ်သည်။

ထိုသို့ စုထားတတ်သည့် ကလေးများအနက် ယခု အသက် ၅၄ နှစ်ရှိနေပြီ ဖြစ်သော လောင်းလုံးမြို့နယ် ဝေဒီ ကျေးရွာသူ ဒေါ်ဌေးမြင့်လည်း တစ်ဦး အပါအဝင် ဖြစ်သည်။

“ဘော်အိုးဆိုးလဲတဲ့လူ ဘယ်အချိန် လာမလဲဆိုပြီးတော့ကို မျှော်နေတာ။ ဘော်အိုးဆိုးပဲစေ့အော်သံကြားရင်တော့ အဒေါ်ကတော့ ထိပ်ဆုံးက ပြေးတဲ့အထဲ မှာ ပါတယ်”ဟု ဒေါ်ဌေးမြင့်က ပြောသည်။

တစ်ခါကဖြစ်သည်။ ဘော်အိုးဆိုးပဲစေ့ အော်သံ ကြားသဖြင့် အိမ်ခြံဝင်းထဲရှိ ဘော်အိုးက္လယ်ပင်အခေါင်းထဲ စုထား သည့် ဘော်ထည်အဟောင်းလေးများ သွားယူရာ တစ်ခုမှ မရှိတော့။ ဘေးခြံနေ သူ့ထက် အသက် အနည်းငယ်ကြီးသည့် ကောင်လေးက အကုန်ယူကာ လဲပစ်လိုက်ပြီ။

“စိတ်တိုတာလေ။ ကိုယ်ရှာထားတဲ့ဟာတွေအကုန်လုံးသူကယူပြီးလဲပစ် လိုက်တာ။ အဲဒါ ကြီးမှသူပြန်ပြောပြလို့ သိရတာ။ ဒီလိုပဲ စကားစပ်မိပြီး ငယ်ငယ် ကအကြောင်းတွေပြောကြရင်းနဲ့ သူယူပြီး လဲပစ်လိုက်တာတွေ ပေါ်တော့တာ”ဟု ဒေါ်ဌေးမြင့်က မှတ်မှတ်ရရ ပြောသည်။

ဘော်အိုးဆိုးပဲစေ့လဲသူက ကလေး တို့အကြား ရေပန်းစားပါသည်။

ဒေါ်ဌေးမြင့်တို့ ငယ်စဉ်က ထမင်းချက်တမ်း ကစားကြလျှင်ပင် ဘော်အိုး ဆိုးပဲစေ့ လဲသူတစ်ယောက် ထည့်ကစား ကြသည်ဟု ဆိုပါသည်။

“အရင်တုန်းကဆိုရင် ထမင်းချက်၊ ဟင်းချက်ကစားကြတာရှိတယ်။ သူက လယ်လုပ်၊ ငါကဈေးရောင်းဆိုပြီးတော့ လေ။ အဲမှာ ဘောအိုးဆိုးပဲစေ့လဲတဲ့သူ လည်း ပါတယ်။ ပဲစေ့ကတော့ သင်္ဘောသီး အမှည့်က အစေ့ကို ပဲစေ့ဆိုပြီးလုပ်တာ”ဟု ဒေါ်ဌေးမြင့်က ပြောသည်။

ပဲစေ့လှော် အစစ်ပါသည့် ဘော်အိုး ဆိုးပဲစေ့လဲသူအစစ်လာလျှင်တော့ ကလေး တော်တော်များများ မနေနိုင်မထိုင်နိုင် ဖြစ်ကြရသည်ချည်းသာ။

တချို့ဆိုလျှင် လဲစရာ ရှာမတွေ့လျှင် လူကြီးအလစ်တွင် ရရာ ဘော်ပစ္စည်း တစ်ခုခုယူကာ သွားလဲကြသည်။

ထမင်းဟင်းချက်နေသည့် အိုးများ ကိုပင် လူကြီးမိဘအလစ်တွင်  ပဲစေ့လဲစား ကြောင်း ဆိုသည်။

မြိတ်မြို့၊ မြို့သစ်ရပ်နေ ဦးဌေးလွင်က လည်း ပဲစေ့လှော် ဝါးချင်လွန်းသဖြင့် ထမင်းအိုးအကောင်းကြီးကို သွားလဲရာ ဘော်အိုးဆိုးပဲစေ့လဲသမားက အိုးကို ချက်ချင်းပင် ပိန်ချိုင့်အောင် ရိုက်ထု ဖိလိုက်ကြောင်း ပြောသည်။

“သူတို့ကလည်းသိပ်မြန်တယ်။ ချက်ချင်း ထုပိန်ပြီး အိပ်ထဲထည့်လိုက်တယ်။ အမေကသိလို့ ပြန်တောင်းရင် အိုးက သုံးစားလို့မရတော့ဘူး”ဟု ဦးဌေးလွင်က ပြောသည်။

ထိုသို့ ဘော်အိုး၊ ဘော်အိုးအဖုံး၊ ကွမ်းအစ် စသည့် သုံး၍ ရနိုင်သေးသည့် ဘော်ပစ္စည်းအကောင်းများကို လူအလစ် တွင် လဲကြသည်မှာ ဦးဌေးလွင် တစ်ဦးတည်း မဟုတ်ပါ။

“ဘော်စုတ်ပဲစေ့လို့ အော်သံကြား ပြီဆိုရင် အိမ်ကအမေတွေက ကိုယ်တွေ ကို မျက်စိဒေါက်ထောင့် ကြည့်နေရတဲ့ အထိပဲ”ဟု ဦးဌေးလွင်က ပြောပါသည်။

အခုအချိန်တွင်ကား ဘော်အိုးဆိုး ပဲစေ့အော်သံ မကြားရတော့ပါ။

သံတိုသံစ၊ ဗူးခွံ၊ ပုလင်းခွံ၊ ပစ္စည်း အဟောင်း ဝယ်သူတို့က ပဲစေ့လှော်နှင့် မလဲတော့ပါ။ ငွေသားဖြင့်သာ တွက်ချက် ပေးချေပါတော့သည်။

ထို့အတူ အလွန် ဝါးချင်စရာ ကောင်းသည့် ဘော်အိုးဆိုးပဲစေ့လှော် သည်လည်း ရွာဆိုင်များတွင် အချိန်မရွေး ဝယ်စားနိုင်နေပြီ ဖြစ်သည်။

နှောင်း ကလေးငယ်တို့ ဘော်အိုးဆိုး ပဲစေ့ လဲသမားကို တွေ့ဖူးရန် မလွယ်တော့ပါ။ သူတို့ အော်သံလည်း မကြားနိုင် တော့ပါ။

“တစ်ခါမှကို အော်သံ မကြားရ တော့ဘူး”ဟု လောင်းလုံးမြို့နယ် ဝေဒီရွာသူ ဒေါ်ဌေးမြင့်က ပြောလေသည်။

တနင်္သာရီသတင်းအဖွဲ့