အသံတွေကို ဘာကြောင့်ချဲ့နေတာလဲ

0
1649

ဂီတသံစဉ်တွေဟာ လူတွေရဲ့ စိတ်နှလုံး ညွတ်နူးပျော့ပျောင်း သာယာစေဖို့အတွက် လူတွေဖန်တီးထားတဲ့ အနုပညာ တစ်ရပ်ပါ။ ကျေးငှက်သာရကာ တွေရဲ့ သဘာဝတေးသံသာဟာသာယာ ကြည်နူးဖွယ်ကောင်းသလိုပဲ လူတွေ ဖန်တီးထားတဲ့ ဂီတသံသာကလည်း စိတ်နှလုံးကို ကြည်နူးချမ်းမြေ့စေပါတယ်။

ဘဝမှာ ကြုံတွေ့ရတဲ့ ကောင်းဆိုး လောကဓံအမျိုးမျိုးကို ရင်ဆိုင်ဖြတ် သန်းနိုင်ဖို့၊ ဘယ်လိုအခြေအနေပဲ ကြုံကြုံ ဘဝကို အရှုံးမပေးဖို့၊ ဘဝအမောတွေ ပြေပျောက်စေဖို့၊ စစ်မှန်တဲ့ ချစ်ခြင်းတွေနဲ့ မေတ္တာတရားကို တန်ဖိုးထားတတ်ဖို့ စတဲ့ လူ့ဘဝကို အကျိုးပြုမှုပေါင်း မြောက်မြားစွာနဲ့အတူ လူတွေဖန်တီးထားတဲ့ ဂီတသံသာဟာ လူတွေရဲ့ စိတ်နှလုံးထဲမှာ အနက်ရှိုင်းဆုံး ဝင်ရောက်နေရာယူ ထားဆဲပါ။

ဒါပေမယ့် အသံချဲ့စက်၊ ဆောင်းဘောက်တွေကို အဆမတန် ကျယ်လောင်စွာ ဖွင့်ကြတာဟာ ညွတ်နူးကြည်သာမှုတွေနဲ့ ပြည့်စုံလှတဲ့ ဂီတသံသာကို ဆူညံသံဖြစ်အောင် ပြောင်းလဲပစ်လိုက်ပါတော့တယ်။ အထူးသဖြင့် အခုလို ဝါကျွတ်တဲ့ အချိန်က စလို့ ဆောင်းဘောက်ရဲ့ ဆူညံသံတွေ စတင်ကြားရတော့တာပါပဲ။ ရိုးရာယဉ်ကျေးမှု အခမ်းအနားနဲ့ ဘာသာရေး အခမ်းအနားတွေမှာ ဆောင်းဘောက်နဲ့ သီချင်းသံကို ကျယ်ကျယ်လောင်လောင် ဖွင့်ကြတဲ့ ဓလေ့ထုံးစံတစ်ခုဟာ ကျေးလက်တောရွာတွေမှာ သာမက မြို့ပြတွေမှာပါ ထိန်းမနိုင်သိမ်းမရ ကျယ်ပြန့်လာခဲ့ပါတယ်။

ကျေးလက်တွေမှာ ပြုလုပ်တဲ့ ရဟန်းခံ ရှင်ပြု စတဲ့ အလှူပွဲတွေ၊ မင်္ဂလာဆောင်အခမ်းအနားတွေ၊ ဘာသာရေး အခမ်းအနားတွေမှာ သာမက ရန်ကုန်မြို့ လို မြို့လယ်ခေါင်မှာလည်း ဓမ္မာရုံနဲ့ အလှူခံမဏ္ဍပ်တွေမှာ ဆောင်းဘောက်ကို ဆူညံပွက်လောရိုက် ဖွင့်နေကြတာ တွေ့ရပါတယ်။

တိတ်ဆိတ်ခြင်းနဲ့ ဆူညံခြင်းနှစ်ခုမှာ လူတွေဘယ်အရာကို ပိုသဘောကျ ပါသလဲ။ တိတ်ဆိတ်ခြင်းကို ပိုသဘော ကျတာလား။ ဆူညံခြင်းကို ပိုသဘောကျ တာလား။ စည်းဝါးနရီကျလှတဲ့ ဂီတသံ ကို နားဆင်ခံစားရမယ့်အစား ဆူညံသံ ဖြစ်အောင် ဖန်တီးပြီးဘယ်လိုများ အဲဒီ ဆူညံသံကို သဘောကျနေကြတာပါလိမ့်။

ယဉ်ကျေးမှု ဓလေ့ထုံးစံလို့ ဆိုရင်လည်း သူတစ်ပါး စိတ်အနှောင့်အယှက် ဖြစ်၊ ကျန်းမာရေးထိခိုက်၊ အသက်သေဆုံး တဲ့အထိ ဖြစ်ရတဲ့ ဓလေ့ထုံးစံမျိုးကို ဆက်လက်ထိန်းသိမ်း လုပ်ဆောင်သင့် ပါသလား။ စဉ်းစားစရာပဲ ဖြစ်ပါတယ်။

ဆောင်းဘောက်ရဲ့ ဆူညံသံကြောင့် ကျန်းမာရေး မကောင်းသူတွေနဲ့ သက်ကြီး ရွယ်အိုတွေ  အသက်ဆုံးရှုံးရတာတွေ၊ ကျန်းမာရေး ထိခိုက်တတ်တာတွေ စတာတွေကို တွေ့ရ မြင်ရ ကြားနေရပေမယ့် ဆောင်းဘောက်ကို အသံကျယ်လောင်စွာ ဖွင့်တတ်တဲ့ အလေ့အထကတော့ လျော့သွားသည်မရှိဘဲ ဆက်လက်အားကောင်းနေဆဲ။

ဆောင်းဘောက်အသံကို ကန့်ကွက်သူတွေ၊ ရှုံ့ချသူတွေ၊ စိတ်ပျက်သူတွေရဲ့ တသောသော ဝေဖန်သံတွေကြားထဲမှာပဲ ကုသိုလ်အရေးမို့ ဖွင့်ရတာပါဆိုပြီး အကြောင်းပြလို့ ကောင်းနေဆဲ။ နားစည် ကွဲတဲ့အထိ ဖွင့်လို့ကောင်းနေဆဲ။

ရပ်ကွက်ထဲက အလှူ၊ မင်္ဂလာဆောင်တွေမှာ ဆောင်းဘောက်ကို အသံကျယ် ကျယ်ဖွင့်ရတာက လာရောက်ကြတဲ့ ဧည့်သည်တွေ မိမိတို့ အခမ်းအနား ပြုလုပ် တဲ့နေရာကို သိအောင်လို့ပါဆိုပြီး အကြောင်းပြကြတာမျိုးလည်း ရှိပြန်တယ်။ ဒီနေရာမှာ ကျွန်မမိတ်ဆွေရဲ့ မင်္ဂလာ ဆောင်တစ်ခုကတော့ အတုယူစရာပါ။ မင်္ဂလာရှိတဲ့ တေးသံသာကို အခမ်းအနား တက်လာတဲ့ သူတွေကြားစေရုံမျှ ဖွင့်ထား ပြီး ဧည့်သည်တွေကလည်း သာယာတဲ့ ဂီတသံကြားမှာ တစ်ဦးနဲ့တစ်ဦး ပြုံးပြ နှုတ်ဆက်နေကြတာကို မြင်ရတာ ကြည်နူး စရာ။ အခုတော့ ရပ်ရွာထဲမှာ တွေ့နေရတာက တစ်ဦးကိုတစ်ဦး ခေါ်မကြားအော်မကြား၊ မြေကြီး တွေတုန်ခါ၊ အိမ်တွေ တုန်ခါ၊ ဗီရိုမှန်တွေ ကွဲအက်၊ ဖန်ခွက်တွေ ကွဲတဲ့အထိ အသံကို အစွမ်းကုန်မြှင့်လျက် ဖွင့်ထားတာက ဘယ်လိုများ စိတ်နှလုံး ကြည်လင်ချမ်းမြေ့နိုင်မှာပါလိမ့်။

အသံချဲ့စက် ဥပဒေတွေ ပြဋ္ဌာန်း ထားတာ ရှိပေမယ့် ရပ်ရွာဓလေ့ထုံးစံဆိုကာ ဖွင့်မြဲဖွင့်နေကြဆဲ။ နားမခံသာတဲ့ အထိ၊ ကျန်းမာရေး ထိခိုက်စေတဲ့အထိ ဖွင့်မယ်ဆိုရင် ရပ်ကျေးအုပ်ချုပ်ရေးမှူးက အရေးယူဖို့ ဆောင်ရွက်ရမယ်ဆိုတာတွေ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးက အရေးမယူရင် သူ့ကို ပြန်ပြီးအရေးယူမယ်ဆိုတဲ့ အမိန့် ကြော်ငြာစာတွေလည်း တွေ့မိပါရဲ့။

ဒါပေမယ့် ဆောင်းဘောက်ကို ကျယ်လောင်စွာ ဖွင့်နေကြတဲ့ ဓလေ့ထုံးစံ ကြားထဲမှာ သြဇာတိက္ကမ ရှိသူ ဘုန်းတော်ကြီးများ ကိုယ်တိုင် ပါဝင်နေလေတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးခမျာ ဘာမှ မတတ်နိုင်ရှာ။ နားလည်မှုနဲ့ ရှေ့ဆက် နေရတဲ့အဖြစ်။

ဘုန်းကြီးကျောင်းမှာ ဘာသာရေး အခမ်းအနားလုပ်တဲ့အခါ ဆောင်းဘောက်ကို ဘာကြောင့် ဆူညံပွက်လောရိုက် လောက်အောင် ဖွင့်နေကြတာပါလိမ့်။

ဘုန်းကြီးတစ်ပါးကတော့ အဲဒီကိစ္စ ကို အခုလို ဖြေရှင်းချက်ပေး မိန့်ပါတယ်။

ဝေယျာဝစ်္စလာရောက်လုပ်ကိုင်သူ တွေ လန်းဆန်းတက်ကြွနေအောင် အခုလို သီချင်းမြူးမြူးလေးတွေနဲ့ ဆောင်း ဘောက်ကို အသံကျယ်ကျယ် ဖွင့်ပေးရ တာပါတဲ့။ ဖြစ်မှဖြစ်ရလေ။ တကယ်လို့ အဲဒီလိုဆောင်းဘောက်ကို အသံကျယ် ကျယ်မဖွင့်ထားရင် ဒကာ၊ ဒကာမတွေက ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စကုသိုလ် မယူကြတော့ဘူးလား။ ရပ်ကွက်ထဲက အလှူပွဲ၊ မင်္ဂလာ ဆောင်ပွဲတွေမှာလည်း ဆောင်းဘောက်ကို အကျယ်ကြီးဖွင့်တာက အဲဒီရည်ရွယ်ချက်များ ပါနေမလား။

တစ်ခုတော့ စဉ်းစားဖို့ကောင်းပါတယ်။ အရပ်ရှစ်မျက်နှာ ခေါ်မကြား အော်မကြား သီချင်းသံတွေ ဖွင့်ထားမှ လူတွေရဲ့ စိတ်ကို တက်ကြွလန်းဆန်းစေ တယ်ဆိုရင် လူတွေ ဆူညံသံကို ကြိုက်နှစ် သက်ကြတဲ့ အနေအထား ရောက်နေပြီ လား။ ဒါဆိုရင်တော့ မူးယစ်ဆေးစွဲတဲ့ သူတွေလို မကောင်းမှန်းသိလျက်၊ အန္တရာယ်ဖြစ်မှန်း သိရက်နဲ့ စွဲလမ်းနေတဲ့ အဖြစ်ချင်း တူမနေဘူးလား။ မကောင်း တာကိုမှ စွဲလမ်းတတ်တာ လူ့သဘာဝများ ဖြစ်နေလေမလား။

ကုသိုလ်တရားဟာ စိတ်နှလုံးကို ကြည်လင်စေတယ်၊ ချမ်းမြေ့စေတယ်လို့ ကြားနာမှတ်သားဖူးပါတယ်။ အသံချဲ့ စက်ကို ဆူညံကျယ်လောင်စွာ ဖွင့်ထား မယ်ဆိုရင် လူတွေရဲ့ စိတ်နှလုံးကို ကြည် လင်ချမ်းမြေ့စေနိုင်ပါသလား။ သုတေသန တွေ့ရှိချက်တွေကတော့ ဆူညံသံတွေဟာ လူတွေကို စိတ်ပိုတို၊ စိတ်ပိုညစ်ညူးစေ တယ်လို့ ဆိုကြပါတယ်။ ဒါဆိုရင် ဆူညံသံ တွေကြားမှာ စိတ်နှလုံး ညစ်ညူးနောက် ကျိနေရင် ကုသိုလ်အလုပ်လုပ်နေပေမယ့် ကုသိုလ်မှ ဖြစ်ပါ့မလား။

အသံချဲ့စက် ဥပဒေမှာ နံနက် ၆ နာရီကနေ ညနေ ၉ နာရီအထိပဲ ဖွင့်ရမယ် လို့ ပြောထားပေမယ့် ဆွမ်းလောင်းရုံ၊ အလှူခံ မဏ္ဍပ်၊ ဘုန်းကြီးကျောင်း စတဲ့ နေရာတွေမှာ မနက်သုံးနာရီကတည်းက ပတ်ဝန်းကျင်ကလူတွေ အိပ်ရေးပျက် စိတ်အနှောင့်အယှက် ဖြစ်ရတဲ့အထိ ကျယ်လောင်စွာ ဖွင့်မြဲဖွင့်ဆဲ။

ဟိုတလောက မနက်သုံးနာရီမှာ ထဖွင့်တဲ့ ဘုန်းကြီးကျောင်းက ဆောင်းဘောက် အသံကြောင့် အိပ်ရေးပျက် အကုသိုလ်ဖြစ် ရ တဲ့အကြောင်းကို မိတ်ဆွေတစ်ယောက်က ဖေ့စ်ဘုတ်မှာ ရေးတင်ထားတာ တွေ့ရပါတယ်။

သူရေးထားတာက ဒီဆူညံသံတွေနဲ့ သံဃာတော်တွေလည်း တရားအားထုတ် လို့ ရနိုင်မယ်မထင်ပါဘူးတဲ့။ ဒါ့ကြောင့် ဘာဖြစ်လို့များ ဘုန်းကြီးကျောင်းက မနက်စောစော အသံချဲ့စက်ကို ဒီလောက် အထိ ဆူညံအောင် ဖွင့်နေတာပါလိမ့်တဲ့။ ရပ်ကွက်က အိမ်တွေဆိုရင် ဒီလောက် အထိ ကျယ်ကျယ်လောင်လောင်ကြီး မဖွင့်ဖို့ ပြောရဲပေမယ့် ဘုန်းကြီးကျောင်း ဖြစ်နေတဲ့အတွက် သူလည်း ဘာမှမပြော ရဲပါဘူးတဲ့။

သူတင်ထားတဲ့စာကိုတွေ့တော့ ဖတ်ဖူးတဲ့ မြတ်စွာဘုရား သက်ရှိထင်ရှား ရှိစဉ်တုန်းက အဖြစ်အပျက်တစ်ခု အကြောင်းကို သတိရမိပါတယ်။ တစ်ခါ တုန်းက မြတ်စွာဘုရားကို ဖူးမြော်ဖို့အတွက် ရပ်ဝေးကနေ လာရောက်ကြတဲ့ ရဟန်း များက ကျယ်ကျယ်လောင်လောင် စကားပြောနေကြလို့ မြတ်စွာဘုရားက အတွေ့မခံတဲ့အပြင် အရှင်အာနန်္ဒာ မထေရ်ကို အဲဒီရဟန်းတွေကို မောင်းထုတ် လိုက်ဖို့ မိန့်တော်မူလိုက်တယ်တဲ့။ ရဟန်း တွေ အချင်းချင်းစကားပြောတာ ကျယ် တယ် ဆိုရင်တောင် ဘယ်လောက်မှ ကျယ်လိမ့်မယ်မထင်ပါဘူး။ ဒါကိုတောင် မြတ်စွာဘုရားက နှစ်သက်တော်မမူခဲ့ဘူး ဆိုရင် အခုလိုမျိုး အချိန်အခါမဟုတ် ဆူညံ ပွက်လောရိုက်နေတာကို မြတ်စွာဘုရား နှစ်သက်တော်မူပါ့မလားလို့ စဉ်းစားစရာ ပဲ ဖြစ်ပါတယ်။

တိတ်ဆိတ်ငြိမ်သက်မှု၊ အေးချမ်းမှု ကို နှစ်သက်တော်မူတဲ့ မြတ်စွာဘုရားကို ရည်မှန်းကျင်းပတဲ့ ဘာသာရေးအခမ်းအနား တွေမှာ ကျယ်လောင်ဆူညံလှတဲ့ သီချင်းသံ တွေ ဖွင့်ထားတာက ကောင်းမြတ်သင့် လျော်ပါရဲ့လား။ ခေတ်ရေစီးကြောင်းအရ ပြောင်းလဲလာတဲ့ ရိုးရာဓလေ့လို့ အချို့က အကြောင်းပြပေမယ့် အသက်ဆုံးရှုံးရတဲ့ အထိဆိုးကျိုးတွေ ဖြစ်ပေါ်နေတဲ့ ဓလေ့ တစ်ခုကို  ဆက်လက်ကျင့်သုံးဖို့ သင့်လျော် ပါရဲ့လား။

ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတစ်ခု ဟာ ကောင်းမြတ်သင့်လျော်တယ်၊ ပတ်ဝန်းကျင်ကို ထိခိုက်မှု မဖြစ်စေဘူး၊ ကောင်းမွန်တဲ့ အကျိုးတရားတွေကို ဖြစ်ပေါ်စေတယ်ဆိုရင် ဆက်လက်ထိန်း သိမ်းစောင့်ရှောက်ဖို့အတွက် အားလုံးက ဝိုင်းဝန်း လုပ်ဆောင်ကြရမှာ ဖြစ်ပေမယ့် ကောင်းကျိုးထက် ဆိုးကျိုးပိုများတဲ့ ဓလေ့ထုံးစံမျိုးဆိုရင် ပြုပြင်ပြောင်းလဲ ဖို့အတွက် အားလုံးမှာ တာဝန်ရှိတယ်လို့ ထင်မြင်မိပါကြောင်း။     ။

နီမာဦး(အံဒင်)