ခရီးသွားလုပ်ငန်း ရေရှည်ဖြစ်ထွန်းရေး

0
1086

တနင်္သာရီတိုင်းဒေသကြီးတွင် လမ်းပန်းဆက်သွယ်ရေးပိုကောင်းလာခြင်း၊ ခရီးသွားများစိတ်ဝင်စား လည်ပတ်လိုသော နေရာများ လူပိုသိရှိလာခြင်းတို့ကြောင့် ယခုနှစ်ပိုင်းတွင် ခရီးသွားများ အများအပြား ဝင်ရောက်လာသည်။

ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သောလုပ်ငန်း ကြီး၊ လတ်၊ ငယ်မရွေး တိုးတက်လာသည်ကို အမြင်အားဖြင့်ပင် ထင်ရှားစွာ တွေ့မြင်ရသည်။ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းအရ တိုးတက်လာသော်လည်း ခရီးသွားများပြား လာခြင်းကြောင့် ရေရှည်တွင် ဆိုးကျိုးများရှိလာနိုင်သည်။ အခြေခံအားဖြင့် ဖြစ်လာလေ့ရှိသော ဆိုးကျိုးများကို တင်ပြပါမည်။

(က) ခရီးသွားများစီးနင်းအသုံးပြုလာသော ယာဉ်များကြောင့် လေထုညစ်ညမ်းခြင်း၊ အသံညစ်ညမ်းခြင်းနှင့် ယာဉ်ကြောရှုပ်ထွေး ပိတ်ဆို့မှုများ များပြားလာနိုင်ခြင်း၊ 

(ခ) ခရီးသွားများပြားလာပြီး စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ အမှိုက်ပစ်သောနေရာကို ကောင်းမွန်စွာနှင့် လက်လှမ်းမီစွာ ဖန်တီးပေးနိုင်ခြင်း မရှိသဖြင့် ခရီးသွားများ များပြားရာ နေရာများတွင် အမှိုက်သရိုက်များ များလာခြင်း၊

(ဂ) ဟိုတယ်နှင့် စားသောက်ဆိုင်များ၊ ခရီးသွား ဝန်ဆောင်မှုပေးသော အခြားလုပ်ငန်းများ များပြားလာပြီး ရေဆိုး၊ ရေညစ်၊ အမှိုက်စနစ်များကို ကောင်းမွန်စွာ မစီမံနိုင်ပါက မြို့ရွာများတွင် ညစ်ညမ်းမှု ပိုမိုများပြားလာခြင်း၊

(ဃ) သဘာဝအလှနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါများကြွယ်၀ နေရာများတွင် ဟိုတယ်၊ စားသောက်ဆိုင်၊ လမ်း၊ တံတား စသည့် ခရီးသွားနှင့် ဆိုင်သော အခြေခံ အဆောက်အဦများ တိုးချဲ့တည်ဆောက်လာခြင်းကြောင့် သဘာ၀၀န်းကျင်ကို ထိခိုက်လာနိုင်ခြင်း၊

(င) မူလက ဒေသခံလူထုအတွက် လောက်ငစွာ အသုံးပြုနိုင်သော သောက်သုံးရေ၊ စားသောက်ကုန် စသည့် အရင်းအမြစ်များမှာ ခရီးသွားများပြားလာခြင်းကြောင့် မလောက်မငဖြစ်လာခြင်း၊ ဈေးနှုန်းကြီးမြင့်လာခြင်း။

အချုပ်အားဖြင့်ဆိုရသော် မူလက ဒေသအတွင်းရှိသော လူ့အရင်းအမြစ်၊ သဘာဝအရင်းအမြစ်နှင့် စီမံခန့်ခွဲနိုင်စွမ်းတို့မှာ ဝင်ရောက်လာသော ခရီးသွားများကို ကောင်းမွန်စွာ ဧည့်ခံစီမံနိုင်စွမ်း မရှိတော့သောအခါ ပြောင်းပြန်အကျိုး သက်ရောက်မှုများ ဖြစ်လာနိုင်သည်။

ထိုကြောင့် ခရီးသွားလုပ်ငန်း နောက်ပြန်မလန်ရေး၊ ဒေသခံများ ရေရှည်လက်ခံနိုင်သော ခရီးသွားလုပ်ငန်းဖြစ်ရေး မူဝါဒချမှတ်သူများနှင့် ဒေသခံများအနေနှင့် အထက်ပါအချက်များကို ကြိုတင်စဉ်းစား၍ လက်ဦးမှုရယူကာစီမံခန့်ခွဲနိုင်ရန် အလေးအနက်ထားသင့်ပါကြောင်း။

အယ်ဒီတာ (အောက်တိုဘာ ၁၉၊ ၂၀၁၉)