လောင်းလုံး ကျုံးကဏန်းရွာတွင် စာသင်ကျောင်းတစ်ကျောင်းလိုအပ်နေ

0
549

ပင်လယ်ကမ်းခြေ ကျေးရွာတစ်ရွာဖြစ်သော လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာအုပ်စု ကျုံးကဏန်းကျေးရွာတွင် စာသင်ကျောင်းတစ်ကျောင်းလိုအပ်နေကြောင်း ယင်းကျောင်းဆောက်လုပ်ရန် အတွက် ဦးဆောင်အလှူခံနေသည့် ဆရာဦးဝေယံစိုးက ပြောသည်။

ကျုံးကဏန်းကျေးရွာတွင် အစိုးရမှ တရားဝင်ဆောက်လုပ်ပေးထားသည့် စာသင်ကျောင်းမရှိသေးဘဲ လက်ရှိတွင် ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းကို ဘုန်းကြီးကျောင်းတစ်ခုတွင်ဖွင့်လှစ်ကာ ကျေးရွာမှ ငှားရမ်းထားသည့် ဆရာမ နှစ်ဦးဖြင့် ပညာသင်ကြားပေးနေကြောင်း ဆရာဦးဝေယံစိုးက ပြောသည်။

ယင်းကိုယ်ထူကိုယ်ထ မူလတန်း ကျောင်းကို ယခုနှစ်တွင် စတင်ဖွင့်လှစ် ထားခြင်းဖြစ်ပြီး ယမန်နှစ်ကမူ ကျုံး ဂဏန်းကျေးရွာမှ ကျောင်းသား၊ ကျောင်း သူ ၃၀ ခန့်သည် ၇ ဖာလုံဝေးသော ရှမ်းမော်ကျေးရွာ မူလတန်းသို့ ခြေလျင် လျှောက် ကျောင်းတက်ခဲ့ရကြောင်း ၎င်းက ပြောသည်။

ကျုံးကဏန်းကျေးရွာမှ ရှမ်းမော်ကျေးရွာသို့ ကျေးရွာချင်းဆက်လမ်း အတိုင်း ဆိုင်ကယ်ဖြင့်သွားပါက မိနစ် နှစ်ဆယ်ဝန်းကျင် သွားရောက်ရပြီး ပင်လယ်ကမ်းစပ်အတိုင်း လမ်းလျှောက်ပါက မိနစ်သုံးဆယ်ဝန်းကျင် သွားရောက် ရမည်ဖြစ်သည်။

“အခက်အခဲကတော့ ငါးနှစ်အရွယ် ကလေးတွေက ကျောင်းကိုလမ်းလျှောက် သွားလို့မရဘူး။ ပင်လယ်ကမ်းစပ်ဘေး က ကျောက်ဆောင်တွေကို ဖြတ်ပြီးသွား ရတော့လေ။ မိုးရာသီဆိုရင်ပိုဆိုးတယ်။ မိဘတွေကလည်း လိုက်ပို့ပေးဖို့ အခက်အခဲရှိတော့ ၇ နှစ်လောက်မှ ကျောင်း နေနိုင်ကြတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကျောင်းဆောက်လုပ် ရန်အတွက် မြေနေရာ တစ်ဧက ရရှိထား ပြီး ယင်းနေရာတွင် ကျောင်းဆောက် ရန်အတွက် အလှူုခံနေကြောင်း ဦးဝေယံစိုးက ပြောသည်။

ကိုယ်ထူကိုယ်ထ မူလတန်း ကျောင်းတည်ထောင်ပြီးမှ အစိုးရအသိ အမှတ်ပြု မူလတန်းကျောင်း(ခွဲ) ကို မြို့နယ်ပညာရေးမှူးရုံးတွင် လျှောက်ထားရမည်ဖြစ်သည်။

Dawei Watch