ဆလုံတိုင်းရင်းသားများကြုံနေရသည့်အခက်အခဲများကို နိုင်ငံတော်သမ္မတထံ တင်ပြမည်

0
972

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် လငန်းကျွန်းရှိ ဆလုံတိုင်းရင်းသားများ ရင်ဆိုင်နေရသည့် အခက်အခဲများကို နိုင်ငံတော်သမ္မတထံ အစီရင်ခံစာတင်ပြ မည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်နိုင်ဦးက ပြောသည်။

ဦးအောင်နိုင်ဦးနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် လငန်းကျွန်းရှိ ဆလုံကျေးရွာသို့ သွားရောက်လေ့လာ ခဲ့ပြီးနောက် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

လငန်းကျေးရွာနေ ဆလုံတိုင်းရင်းသားများ အစဉ်အဆက် လုပ်ကိုင်စားသောက်နေသည့် ကျွန်း ၅ ကျွန်းအနက် အမေအော်ကျွန်းနှင့် နွားလဘို့ကျွန်းကို မြန်မာတာဆာကီကုမ္ပဏီမှ ပုလဲမွေးမြူ ရေး လာရောက်လုပ်ကိုင်လိုက်သည့် အတွက် ဒေသခံဆလုံလူမျိုးများ စားဝတ် နေရေး အခက်အခဲကြုံနေရကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

ပုလဲလုပ်ကွက်များမှာ ဆလုံတိုင်းရင်းသားများ ငါး၊ ကင်းမွန်၊ ခရု တို့ရှာဖွေသည့်နေရာများနှင့် ထပ်တူကျ နေသည့်အတွက် စားဝတ်နေရေးအခက် အခက်များကြုံတွေ့လာရသည့် ဆလုံတိုင်းရင်းသားအချို့က ဆိုသည်။

“နိုင်ငံတော်သမ္မတရုံးကိုတော့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေအမှန် အကုန်လုံးကို တင်ပြသွားမှာပါ”ဟု ဦးအောင်နိုင်ဦး ကပြောသည်။

မြန်မာနိင်ငံသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊ လူမျိုးရေးအရ ခွဲခြားဆက်ဆံမှု ပုံသဏ္ဌန်အလုံး စုံပပျောက်ရေးအပြည်ပြည်ဆိုင်ရာကြေညာစာတမ်း၊စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများစာတမ်းများကို လက်မှတ်ရေးထိုးထားသည့် အတွက် လူမျိုးတစ်မျိုး၏ နေထိုင်ရှာဖွေ စားသောက်မှုအခွင့်အရေးများနှင့် ယဉ်ကျေးမှုဓလေ့စရိုက်များ ပျက်စီးသွားစေသည့်အချက်ကို  စီးပွားရေးရင်းနှီး မြှုပ်နှံမှုပြုလုပ်ရာတွင် ထည့်သွင်းစဉ်းစားရန်လိုကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

“လူမျိုးစုတစ်ခုလုံးတုံးမှာနဲ့ ပုလဲကရတဲ့ အခွန်နဲ့လဲမလား ဆိုတဲ့ဟာကိုတော့ သက်ဆိုင်ရာပြည်ထောင်စု အစိုးရ အဆင့်က ဆုံးဖြတ်ရပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။

မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း ၈၀၀ ကျော်ရှိသည့်အနက် မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ကျွန်း ၁၀ ကျွန်းတွင် ဆလုံတိုင်းရင်းသား ၁၇၀၀ ခန့်နေထိုင်နေကြပြီး ပုလဲမွေးမြူသည့် ကုမ္ပဏီများ၏ တဖြည်းဖြည်း နေရာချဲ့ ထွင်လာမှုကြောင့် ဆလုံတိုင်းရင်းသားများ နေ့စဉ်ဝမ်းစာရှာဖွေရေး ခက်ခဲလာကြောင်း ဆလုံတိုင်းရင်းသားတို့ထံမှ သိရသည်။

Dawei Watch