ဆီအုန်းကြားက ဘဝခါးခါးများ

0
1225

သူမ မျက်နှာတွင် မခံချိမခံသာဖြစ် နေသည့် ခံစားချက်က အထင်းသား ပေါ်နေသည်။

ရေနံဆီ(ဒီဇယ်)အနံ့ စွဲနေသည့် ဆန်ကို ၁၆ ရက်ဆက်တိုက် စားပြီး အလုပ်ကြမ်း လုပ်ခဲ့ရသည်။ လုပ်အားခမူ ငွေတစ်ကျပ်မျှပင် မကိုင်ခဲ့ရ။

ယင်းအကြောင်းကို ဖွင့်ဟပြောဆို လာသူက အသက် ၅၀ နှစ်ရှိနေပြီဖြစ်သည့် ဆီအုန်းခြံအလုပ်သမားဟောင်းကြီး ဒေါ်အေးမူ(အမည်ပြောင်း)။

ဒေါ်အေးမူတို့ မိသားစုသည် ဧရာဝတီတိုင်းဒေသကြီးမှ လာခဲ့ခြင်းဖြစ်သည်။ အချိန်ကား ပြီးခဲ့သည့် ၇ နှစ်ဝန်းကျင်။

အလုပ်ကောင်းသည်။ ငွေမှန်သည်ဟု ဆိုသည့် တနင်္သာရီတိုင်း ကော့သောင်း ခရိုင်၊ ဘုတ်ပြင်းမြို့နယ်ရှိ  ဆီအုန်းစိုက်သည့် ကုမ္ပဏီကြီးတစ်ခုသို့ ရောက်ရှိ လာခဲ့ကြခြင်း ဖြစ်သည်။

လုပ်ငန်းခွင်ရောက်ချိန်တွင်တော့ ကုမ္ပဏီဘက်က ပြောသည့်စကားနှင့် လက်တွေ့အခြေအနေက တစ်ခြားစီ။ ကုမ္ပဏီက ခိုင်းသမျှလုပ်၊ ကျွေးသမျှစား ခဲ့ရသည်။

ကုမ္ပဏီမှ ၁၅ ရက်တစ်ကြိမ် ရိက္ခာ ပေးသည်။ ရိက္ခာများကို မြေကြီးတွင်ပုံ ပေးသည့် ဓလေ့ကျင့်သုံးသည်။ တစ်ခါတွင် ဒေါ်အေးမူ ရသည့်ဆန်က  ရေနံဆီအနံ့ စွဲနေသည့် ဆန်။ ထိုဆန်ကို ၁၆ ရက်လုံးလုံး ကြိတ်မှိတ်ကာ စားသောက်ခဲ့ရသည်ကို ယနေ့အထိ  မေ့မရဟု သူက ပြောသည်။

“ဒီဆန်လေး ရေနံဆီအနံ့စွဲနေလို့ ပြန်လဲပေးပါဆိုတော့ ကိုယ့်ကံတရားနဲ့ ကျတာလဲလို့ မရဘူးလို့ မန်နေဂျာက ပြောခဲ့ပါတယ်။ မရှိတော့လည်း ဒါကိုပဲ စားသောက် ခဲ့ရတယ်”ဟု ဒေါ်အေးမူက ပြောသည်။

ဘေးပတ်ဝန်းကျင်နှင့် စကားစမြည် မပြောဆိုရန် တားမြစ်ပိတ်ပင်ခြင်းကိုလည်း လပေါင်းများစွာ ခံခဲ့ရသည်။

ကုမ္ပဏီတွင် ၆ လနီးပါးလုပ်ခဲ့သော် လည်း ပိုက်ဆံတစ်ပြားတစ်ချပ်မျှ ရှင်းပေးခြင်း မရှိ။

သားငါးလည်း လုံးဝစားသောက်ရခြင်းမရှိသည့်အတွက် အာဟာရချို့တဲ့ ငတ်ပြတ်သည့်ဒဏ်မခံနိုင်သည့်အဆုံး ကုမ္ပဏီမှ အလုပ်ထွက်ရန် သူမတို့ မိသားစု ဆုံးဖြတ်ခဲ့ရသည်။

“ပိုက်ဆံတစ်ပြားမှ မရလည်း နေပါစေ။ ရှေ့ဆက်ပြီးတော့ သူတို့မတရား ခိုင်းတာကိုတော့ ဒုက္ခမခံနိုင်တော့ဘူးဆိုပြီး ဘာပဲဖြစ်ဖြစ် ဒီရွာလေးကို ပြောင်းရွှေ့ လာခဲ့တာပါ”ဟု ၎င်းက ပြောသည်။

ဒေါ်အေးမူပြောင်းခဲ့သည့်ရွာက ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ထောင်ငါးသိုင်းချောင်းကျေးရွာအုပ်စု ချောင်းမွန်ဆို သည့် ရွာလေးတစ်ရွာ။

ချောင်မွန်ငါးဟုလည်း ခေါ်ကြသည့် ထိုရွာတွင် ဒေါ်အေးမူကဲ့သို့ ဆီအုန်းအလုပ် သမားဘဝမှ ပြောင်းရွှေ့အခြေချသူလာများအတွက် ကွက်သစ်သဖွယ် အိမ်စု တစ်စုရှိနေရာ ထိုအိမ်စုက ချောင်းမွန်ရွာ သစ်သဖွယ် ဖြစ်လာသည်။

ထိုစဉ်က ဒေါ်အေးမူနှင့် ကုမ္ပဏီ တစ်ခုတည်း အလုပ်လုပ်ခဲ့ရပြီး ငွေကြေး တစ်ပြားတစ်ချပ်မှ မရကြသူက တနင်္သာရီ တိုင်းရှိ ယင်း ဆီအုန်းကုမ္ပဏီ တစ်ခုတည်းတွင်ပင် များစွာရှိကြောင်း ချောင်းမွန် ရွာသစ်နေ ဆီအုန်းကုမ္ပဏီဝန်ထမ်းဟောင်းများက ပြောကြသည်။

ယင်းအနက် အသက် ၄၀ ခန့်ရှိသည့် ကိုထူးခိုင်(အမည်ပြောင်း)တစ်ယောက် လည်း အပါအဝင်။

ကိုထူးခိုင်လည်း အလုပ်ကောင်းပြီး တစ်နေ့ကျပ်တစ်သောင်းခွဲရမည်ဟုပြောဆိုခဲ့သည့် မက်လုံးကို ယုံကြည်မိ၍ မိသားစုကိုခေါ်ကာ ဇာတိမြေမှသည် တစ်ခါမှ မရောက်ဖူးသည့် တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်ရှိ ဆီအုန်းကုမ္ပဏီ စိုက်ခင်းရှိရာ တောဟေမြိုင်သို့ ရောက်လာခဲ့သည်။

သူရောက်သည့်အချိန်က ၂၀၀၃ ခုနှစ် ဖြစ်ပြီး ၂ နှစ်ခန့် ကုမ္ပဏီတွင် လုပ်ကိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ကုမ္ပဏီမှ နေရေးထိုင်ရေးစားရေး သောက်ရေး ဘာမှပူပန်စရာမလိုဟု ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ အမိုးမိုးရန် တာလပတ် တစ်ပိုင်းသာ ပေးခဲ့သည်။ ရရာသစ်ဝါးဓနိများဖြင့် တဲသာသာအိမ်ကလေးတစ်လုံး ကိုယ့်ဘာ သာကိုယ် ဖြစ်သလိုဆောက်လုပ်ကာ တောကြီးမျက်မည်းထဲ နေထိုင်ခဲ့ရသည်ဟု ၎င်းက ပြောပြသည်။ ဆင်ရိုင်းတို့ရန်လည်း သူတို့ ကြောက်နေခဲ့ကြရသေးသည်။

“စရောက်ချိန် မိန်းမကလည်း ကိုယ်ဝန်ကြီးနဲ့ဆိုတော့ တော်တော်လေး ကို ဒုက္ခရောက်ခဲ့ရတယ်။ စားရေးသောက် ရေးကလည်း လုံးဝကို အဆင်မပြေဘူး ဒီလိုပဲ အားတင်းပြီးနေခဲ့ရတာပေါ့”ဟု ကိုထူးခိုင်က ပြောသည်။

ကိုထူးခိုင်ကို ရန်ကုန်မှ ခေါ်လာခဲ့ စဉ်က ဆီအုန်းခြံအတွင်း ဆောက်လုပ်မည့် အဆောက်အအုံများကို ကန်ထရိုက်ပေးမည်ဟု ပြောဆိုခဲ့သည်။

သို့သော် ရောက်သည်နှင့် တောကြီး ခုတ်ခိုင်းသဖြင့် တာဝန်ခံနှင့်စကားများကြရာ တာဝန်ခံက ကြိုယူငွေ ပြန်အမ်းခိုင်းကြောင်း ကိုထူးခိုင်က ဆိုသည်။

“ရောက်ခါစဆိုတော့ ယူထားတဲ့ ပိုက်ဆံကလည်း ပြန်မအမ်းနိုင်ဘူးဆိုတော့ ဒီလိုပဲ ကြိတ်မှိတ်ပြီး သူတို့ခိုင်းသမျှ လုပ်ခဲ့ရတာပေါ့”ဟု ၎င်းက ပြောသည်။

ဆီအုန်းခြံအတွင်း အလုပ်ခွင် အမျိုးမျိုးတွင် ပြောင်းလုပ်ရသည်။ အလုပ်က နေ့တိုင်းဆင်းရပြီးည ၉ နာရီအထိ အလုပ်လုပ်ရသည့်နေ့ကများသည်။

လုပ်အားခကား ပေးသမျှယူ၊ ကျွေးသမျှစား။

“လုပ်အားခက တစ်နေ့ဘယ်လောက် လဲဆိုတာ သိကို မသိရတာ”ဟု ၎င်းက ပြောသည်။

ကုမ္ပဏီမှ တစ်နေ့လျှင် ဆန်တစ် ပြည်နှင့်ဆီဆားငရုပ်ကြက်သွန် စုစုပေါင်း နှစ်ထောင်ကျပ်ဖိုး နေ့စဉ်ထုတ်ပေးခဲ့ သည်။ သို့သော်လည်း အကြွေးများသည်ဟုဆိုကာ နောက်ပိုင်းတစ်နေ့လျှင် ရိက္ခာတစ်ထောင်ဖိုးသာ ထုတ်ပေးတော့ကြောင်း ကိုထူးခိုင်က ပြောပြသည်။

“တောကြီးမျက်မည်းအတွင်းမှာ ပေးတာယူကျွေးတာစားတဲ့ဘဝနဲ့နေရတာ ဘယ်လိုကြောင့် အကြွေးများရ သလဲ စဉ်းစားလို့ကိုမရတာ”ဟု ၎င်းက ပြောသည်။

နောက်ဆုံး ယင်းကုမ္ပဏီတွင် ရှေ့ဆက်မလုပ်ရန် သူ ဆုံးဖြတ်ခဲ့သည်။

“ဆန်တစ်မျိုးတည်း စားပြီးတော့ ခင်ဗျားတို့အလုပ်ကို မလုပ်နိုင်တော့ဘူး ဆိုပြီး ဒီချောင်းမွန်ငါးရွာလေးကို အရဲစွန့်ပြီး ပြောင်းရွှေ့လာခဲ့တယ်”ဟု ၎င်းက ပြောသည်။

ချောင်းမွန်ငါးရွာသို့ ရောက်လာခဲ့ပြီးနောက် လက်သမားဘဝဖြင့် လည်းကောင်း ကြုံရာကျပမန်းအလုပ်ဖြင့်လည်း ကောင်း အနီးအနားရွာများတွင် သွားရောက် လုပ်ကိုင်ပြီး မိသားစုစားဝတ် နေရေးကို ဖြစ်သလိုဖြေရှင်းခဲ့သည်။

ကုမ္ပဏီ၏ အလုပ်ဒဏ်မခံနိုင်ဘဲ ထွက်ပြေးလာသည့်ဘဝတူများကို သူက အကူအညီပေးခဲ့သည်။ ယင်းအပေါ်ကုမ္ပဏီ မန်နေဂျာက သူ့အလုပ်သမားများကို ထိုင်းနိုင်ငံသို့ပို့သည်ဟု စွပ်စွဲသည်။

နောက်ပိုင်း ပြဿနာရှာခံနေရသည့် အတွက် တောတွင်းတစ်နေရာသို့ မိသားစုအလိုက် ပြောင်းရွှေ့ကာ နေထိုင်ခဲ့ရကြောင်း ၎င်းက ပြောပြသည်။

တောထဲတွင် အသက်သုံးနှစ်အရွယ် အငယ်ဆုံးသားလေး အသက်ပေးလိုက်ရသည်။

“အပြင်း ဖျားပြီးတော့ ဆေးမရှိဘဲ တောထဲမှာပဲ သေဆုံးခဲ့ရတယ်”ဟု ကိုထူးခိုင်က မချိတင်ကဲလေသံဖြင့် ပြောသည်။

သူလုပ်ခဲ့သည့် ကုမ္ပဏီသည် ယူထားသောဧကနှင့် တကယ်အလုပ်လုပ်သောဧက မှာ သုံးချိုးတစ်ချိုးခန့်သာရှိကြောင်း၊ ဆီအုန်းအစိုက်ပြပြီး သစ်များကိုသာ ခုတ်နေကြောင်း ၎င်းက ဆိုသည်။

“ဆီအုန်းနာမည်ခံပြီးတော့ မချိမဆန့် ကိုခုတ်တာ။ ဒေသခံလက်လုပ်လက်စား သစ်ထိုးသမားတွေကြောင့် ဒီသစ်တောကြီးက ပြုန်းတီးသွားတာ မဟုတ်ပါဘူး” ဟု ကိုထူးခိုင်က မှတ်ချက်ပေးသည်။

ယခုအချိန်တွင်တော့ တော်ရုံ အိမ်ကလေးဆောက်ဖို့ရန် အနီးအနားတွင် သစ်ရှာမရတော့။

လက်ရှိအချိန်မှာတော့ ကိုထူးခိုင်တို့ မိသားစု ချောင်းမွန်ရွာသစ်သို့ ရောက်နေ ပြီ ဖြစ်သည်။

ဆီအုန်းကုမ္ပဏီများ၏ အလုပ်ဒဏ် မခံနိုင်ဟုဆိုကာ ထွက်လာသူတို့ ချောင်းမွန်ရွာ အနီးရှိ မြေကွက်လပ် ၁၆ ဧကကျော်တွင် အိမ်ခြေ ၁၃၀ ခန့်ဖြင့်  ရွာသစ်တစ်ရွာ တည်ဆောက်၍ နေထိုင်နေကြသည်မှာ တစ်နှစ်ကျော်ရှိလာပြီ ဖြစ်သည်။

ဆီအုန်းခြံကြားက သူတို့ဘဝများက နေထိုင်ရေး မငြိမ်းအေးသေးပါ။

ကုမ္ပဏီက ထိုရွာသားတို့မြေကို သူတို့ပိုင်ဆိုင်သည်ဟုဆိုကာ ရွာသား ၂၃ ဦးကို(လင်မယားတွဲ ၁၁ တွဲ၊ နှင့် အမျိုးသား ၁ ဦး) တရားစွဲဆိုထားသည်။

ယင်းအခြေအနေအတွင်း ဘူးလေးရာ ဖရုံဆင့်ဆိုသကဲ့သို့ ပြည်ကြီးမဏ္ဍိုင်မြို့ မြေယာနှင့်စာရင်းအင်းဌာနမှလည်း ခွင့်ပြုမိန့်မရှိဘဲ နေထိုင်သည်ဟုဆိုကာ ချောင်းမွန်ရွာသစ်အား ၁၅ ရက်အတွင်း ပြောင်းရွှေ့ရန် စက်တင်ဘာလ ဒုတိယ ပတ်အတွင်းအမိန့်ကြေညာချက် ထုတ်ပြန် ထားသည်။

ယင်းထုတ်ပြန်ချက်အပေါ် ရွာသားများမှ မပြောင်းနိုင်ဟု ပြန်လည်တုံ့ပြန် ခဲ့သည်။

ချောင်းမွန်ရွာသစ်ရောက် ဒေါ်အေးမူက တွဲခိုနေသည့် မျက်ရည်ဥကို လက်ဖမိုး ဖြင့် သပ်ချရင်း ကြေကွဲစွာဆိုသည်။

“ပြေးစရာလည်း မြေမရှိသလို ပေးစရာ လည်းငွေမရှိဘူး။ ထားရင်လည်းနေ သတ်ရင်လည်း သေရမယ့်ဘဝပါ”ဟု ပြောရင်း ဒေါ်အေးမူအသံ တိုးလျဆွံ့အသွားသည်။

တောဆင်ရိုင်းပေါသည့်ဒေသမို့ ရွာသားတွေက တောထဲတွင် တစ်ကွဲ တစ်ပြားစီ မနေထိုင်ရဲကြ။ ညအချိန် အိပ်ပျော်နေစဉ် တောဆင်ရိုင်းများ အိမ်ဖြို ခဲ့ခြင်းကိုလည်း ခံခဲ့ရဖူးသည်။

ဆီအုန်းတောကိုဖြတ်၍ ကျောင်းသွား တက်သည့် ကလေးမလေးလည်း ဆင်နင်းလို့သေဆုံးခဲ့ရသည့်အဖြစ်အပျက်က ပူပူနွေးနွေး။

ရွာပြောင်းရွှေ့ရေးကိစ္စနှင့်ပတ်သက် ၍ စိတ်ကျအားငယ်နေသော်လည်း ရွာလူထုကိုယ်စား ပြတ်သားသည့် လေသံ ဖြင့် ကိုထူးခိုင်ကတောင်း ဆိုသည်။

“ကျွန်တော်တို့ဟာ လူတွေဖြစ်နေ တာမို့ ကျွန်တော်တို့ရသင့်ရထိုက်တဲ့ နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေးအရ  လူလို့သတ်မှတ်ရင် လူတွေနေထိုင်တဲ့ နေရာလေးမှာပဲ ထားပေးပါလို့ အစိုးရကို တောင်းဆိုချင်ပါတယ်”

ကိုဆန်း