စမတ်ကျွန်းနှင့်စမ်းလှမ်းကမ်းခြေတွင် ဆိပ်ခံတံတားနှစ်စင်း ယခုဘဏ္ဍာနှစ် အတွင်း အပြီးဆောက်မည်

0
434

ကျွန်းစုမြို့နယ်ရှိ စမတ်ကျွန်းနှင့် လောင်းလုံးမြို့နယ်ရှိ စမ်းလှမ်းကမ်းခြေ တို့တွင် ဆိပ်ခံတံတားနှစ်စင်းကို ယခု ဘဏ္ဍာနှစ်အပြီး တည်ဆောက်မည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန(ဟိုတယ်/ခရီး) ထံမှ သိရသည်။

စမတ်ကျွန်းတွင် ပလပ်စတစ် ဘလောက်တုံးများဖြင့် ရေပေါ်ဆိပ်ခံ တံတား(Floating Jetty) တစ်စင်းနှင့် စမ်းလှမ်းကမ်းခြေတွင် သံကူကွန်ကရစ် တံတားတစ်စင်းတည်ဆောက် မည်ဖြစ်သည်။

စမတ်ကျွန်းတွင် ဆောက်မည့် ဆိပ်ခံတံတားကို ကျပ်သိန်း ၁၀၀၀ နှင့် စမ်းလှမ်းကမ်းခြေတွင် ကျပ်သိန်း ၁၅၀၀ အကုန်အကျခံတည်ဆောက်မည်ဖြစ်ကြောင်း အထက်ပါဌာနစာရင်းအရ သိရသည်။

လက်ရှိတွင် ဆိပ်ခံတံတားဆောက်ရန်အတွက် တင်ဒါခေါ်ယူရန် ပြင်ဆင် နေပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အပြီးသတ် တည်ဆောက်မည်ဖြစ်ကြောင်း ဟိုတယ်/ခရီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးညိုအေးက ဆိုသည်။

ထားဝယ်ဒေသရှိ နာမည်ကြီး လောင်းလုံးဘုတ်ကျွန်းသို့ သွားရောက် လည်ပတ်ရာတွင် စမ်းလှမ်းကျေးရွာမှ တစ်ဆင့် လှေများဖြင့် သွားလာရပြီး လက်ရှိတွင် ဆိပ်ခံတံတားမရှိသည့် အတွက် ခရီးသည်များ လှေပေါ်သို့တက်ရာတွင် အဆင်မပြေမှုများ ရှိသည်။

“ခရီးသွားအတွက် အဓိက  Jetty (ဆိပ်ခံ)  ဖြစ်သွားတာပေါ့။ ဒါပေမယ့် လည်း အခြားလုပ်ငန်း(ငါးဖမ်းလုပ်ငန်း) တွေလည်း သုံးလို့ရတာပေါ့” ဟု ဦးညိုအေးက ပြောသည်။

တိုင်းမြို့တော်ဖြစ်သည့် ထားဝယ်တွင် ဆိပ်ခံတံတားတစ်ခုမဖြစ်မနေ လိုအပ်နေသော်လည်း ခရီးသွားလုပ်ငန်း အပြင် ရေလုပ်ငန်းပါ အသုံးပြုနိုင်ရန် ကျွမ်းကျင်ပညာရှင်များဖြင့် သေချာစွာတွက်ချက်တိုင်းတာပြီးမှသာ တည်ဆောက် သင့်ကြောင်း ထားဝယ်မြို့အခြေစိုက် Titan ခရီးသွားကုမ္ပဏီပိုင်ရှင် ဦးတင်နိုင်က အကြံပြုသည်။

“ဆိပ်ခံတံတားကို ခရီးသွားလုပ်ငန်း ရော၊ ငါးဖမ်းလုပ်ငန်းရော အားလုံးသုံးလို့ရအောင် (ခိုင်မာအောင်) တစ်ခါတည်း လုပ်သင့်တယ်”ဟု ဦးတင်နိုင်က ပြောသည်။

၂၀၁၈ ခုနှစ်အတွင်း တနင်္သာရီတိုင်းသို့ နိုင်ငံခြားသားခရီးသွား  သုံးသိန်း ခွဲကျော် (၃၅၈၇၃၂ ဦး) လာရောက် လည်ပတ်ခဲ့ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန (ဟိုတယ်/ခရီး)ထံမှ သိရသည်။

ကိုဇော်