မောင်းမကန်ကမ်းခြေတွင် ပင်လယ်ကဗွီးပင်များ စိုက်ပျိုးမည်

0
1777

လောင်းလုံးမြို့နယ် မောင်းမကန်ကမ်းခြေတွင် ပင်လယ်ကဗွီးပင်များကို သက်ဆိုင်ရာဌာနများနှင့် ကုမ္ပဏီတစ်ခု တို့  စုပေါင်းကာ စိုက်ပျိုးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

မိုးကြိုးထိမှန် သေဆုံးနေသည့် ပင်လယ်ကဗွီးပင်များရှိရာ မောင်းမကန်ကမ်းခြေ အလယ်ပိုင်းတွင် သစ်တော ဦးစီးဌာန အပါအဝင် ဌာနသုံးခုပူးပေါင်းကာ စိုက်ပျိုးမည်ဖြစ်ပြီး ကမ်းခြေ အစွန်းပိုင်း ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ(DDPC) လုပ်ပိုင်ခွင့်ရ နေရာများတွင်မူ ယင်းကုမ္ပဏီက စိုက်ပျိုးမည်ဖြစ်ကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူး ဦးဖေချစ်က ပြောသည်။

အပင်အရေအတွက် မည်မျှစိုက်ပျိုး မည်ကိုမူ အတိအကျမသိရသေးဘဲ ပျိုးပင်ရရှိမှုအပေါ်မူတည်ပြီး စိုက်ပျိုး သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“စိုက်ဖို့အတွက် အုပ်ချုပ်ရေးမှူး တွေ၊ စည်ပင်အဖွဲ့တွေ ပြီးလို့ရှိရင် ဆိုင်တွေပေါ့နော် ညှိပြီးတော့ သဘောတူတဲ့ နေရာလေးတွေမှာ စိုက်ဖို့အတွက် ပြောထားတယ်။ DDPC ကလည်း သူတို့ စိုက်ချင်တယ်ဆိုပြီး ပျိုးပင်တွေ လာတောင်း ထားတယ်။ ပျိုးပင်တွေရရင် အခုကိုစိုက်မှာ”ဟု ဦးဖေချစ်က ပြောသည်။

အောက်တိုဘာလ ၁ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော်ပုံမှန် အစည်းအဝေးတွင် တိုင်းလွှတ်တော်ကိုယ် စားလှယ် ဦးဗိုလ်ထွေးက မောင်းမကန်ကမ်းခြေတွင် ပင်လယ်ကဗွီးပင်များကို အစိုးရအစီအစဉ်ဖြင့် စိုက်ပျိုးပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းထုတ်ခဲ့ပြီးနောက် ယင်းကဲ့သို့ စိုက်ပျိုးရန် စီစဉ်လာခြင်း ဖြစ်သည်။

လူတု့ိ၏ဖျက်ဆီးမှု၊ သဘာဝအလျောက်သေဆုံးမှုတို့ကြောင့် ယင်းကမ်းခြေရှိ ပင်လယ်ကဗွီးပင် တစ်ရာခန့် သေဆုံးသွားပြီဖြစ်ကြောင်း ဦးဗိုလ်ထွေးက ပြောကြားခဲ့ဖူးသည်။

ပင်လယ်ကဗွီးပင်များသည် စတင်စိုက် ပျိုးပြီး ၁၄ နှစ်မှ ၂၀ ခန့်ကြာမှ အရိပ်ရသည့် အပင်အမျိုးအစားဖြစ်ကြောင်း တနင်္သာရီတိုင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

Dawei Watch