စပါးတစ်တင်းလျှင် ကျပ်ငါးထောင်ဖြင့်ရောင်းရန် အခက်အခဲရှိက ဆန်စပါးအသင်းချုပ်ထံ ဆက်သွယ်ပါ

0
936

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံစပါးဈေးကို တစ်တင်းလျှင် ငါးထောင်ကျပ်ကို သတ်မှတ်လိုက်ပြီး ယင်းဈေးနှုန်းဖြင့် စပါးရောင်းချရန် အခက်အခဲရှိသော တောင်သူများအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကို ဆက်သွယ်နိုင်ကြောင်း အောက်တိုဘာလ ၁၅ ရက်က ထုတ်ပြန်လိုက်သည်။

လယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦး ဆောင်အဖွဲ့က အထက်ပါအတိုင်းထုတ် ပြန်လိုက်ခြင်းဖြစ်သည်။

အခြေခံဈေးနှုန်း ကျပ်ငါးထောင်ဖြင့် ရောင်းချရန် အခက်အခဲရှိသော တောင်သူများအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဖုန်းနံပါတ် ၀၁၂၃၀၁၁၂၈၊ ၀၁၂၃၀၁၁၂၉၊ ၀၁၂၁၈၂၆၆ တို့ထံဆက်သွယ်နိုင်ကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 

အစိုဓာတ် ၁၄ ရာခိုင်နှုန်း၊ ဖုန်၊ သဲ၊ အဖျင်းအမှော်ကင်းပြီး ၄၆ ပေါင်ကိုက် စပါးတင်းတစ်ရာကို အနိမ့်ဆုံး ကျပ်ငါးသိန်းဖြင့် ဝယ်ယူရမည်ဟု လယ် သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က သတ်မှတ်လိုက်သည်။

ဈေးကွက်ပေါက်ဈေးသည် သတ်မှတ်ထားသည့် အခြေခံဈေးနှုန်းထက်ကျော်နေပါက ယင်းပေါက်ဈေးအတိုင်း ဝယ်ယူ ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဈေးကွက်ပေါက်ဈေးမှာ အခြေခံ ဈေးနှုန်းအောက်ကျဆင်းနေပါက သတ် မှတ်ထားသည့် အခြေခံဈေးနှုန်း ကျပ် ငါးထောင်အတိုင်း ဝယ်ယူရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ယင်းအခြေခံဈေးနှုန်းများ သတ်မှတ် လိုက်သော်လည်း လက်ရှိ ထားဝယ်ဈေး ကွက်တွင်မူ စပါးတစ်တင်းလျှင် ကျပ် သုံးထောင်ငါးရာမှ ကျပ်လေးထောင်ငါးရာ ဝန်းကျင်အထိသာ ပေါက်ဈေးရှိနေ ကြောင်း လယ်သမားအချို့နှင့် ဆန်စက် ပိုင်ရှင်အချို့ထံမှ သိရသည်။

ထားဝယ်ဈေးကွက်တွင် စပါးဈေး နှုန်းကျဆင်းနေခြင်းမှာ ထားဝယ်ဒေသ ထွက်စပါးများ ဈေးကွက်မရှိခြင်းကြောင့် ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်းစပါး အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးကပြော ဆိုထားပြီး ထားဝယ်ခရိုင်ရှိ ဆန်စက် ပိုင်ရှင်အချို့ကမူ ဒေသအတွင်း လက်ကျန် စပါးများ အမြောက်အမြား ကျန်ရှိနေခြင်း ကြောင့်ဟု ပြောဆိုကြသည်။

“ထားဝယ်မှာဈေးကွက်က ဘယ်လို ဖြစ်နေလဲဆိုတော့  စပါးအရမ်းများနေသေးတော့ သူတို့(ဆန်ဆိုင်ပိုင်ရှင်)က နှိမ်တဲ့အတိုင်း ရောင်း၊ ဝယ်နေရတယ်။ စပါးက အရမ်းများနေသေးတော့ ပေးတဲ့ ဈေးနဲ့ ရောင်းနေရသလိုဖြစ်နေတယ်။ ပြီးတော့ ဒီနှစ်စပါးတွေကလည်း ဆန်ကွဲ တအားများတယ်”ဟု လောင်းလုံး မြို့နယ်ရှိ ဆန်စက်ပိုင်ရှင်တစ်ဦးက ဆို သည်။

ထားဝယ်ဈေးကွက်အတွင်း စပါးဈေး  အခြေခံဈေးနှုန်းအောက်ကျဆင်းနေမှုကြောင့် လယ်သမားများ နစ်နာနေမှုကို တိုင်းအစိုးရအနေဖြင့် မည်ကဲ့သို့ ဆောင် ရွက်ပေးမည်ကို တိုင်းစိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးအား မေးမြန်း ခဲ့သော်လည်း သတ်မှတ် အခြေခံဈေးနှုန်းများ တနင်္သာရီတိုင်း အစိုးရအဖွဲ့ထံ တရားဝင်ပေးပို့လာခြင်း မရှိသေးကြောင်း ပြန်လည်ဖြေဆိုသည်။

“အခြေခံဈေးနှုန်းသတ်မှတ်ထားတဲ့ ညွှန်ကြားချက်ဝင်လာရင်တော့ တိုင်းအစိုးရအဖွဲ့ကိုတင်ပြမယ်ပေါ့။ ဈေးနှုန်း ကတော့ ဒီလိုသတ်မှတ်လိုက်ပြီ။ ထားဝယ် မှာစပါးဈေးကတော့ ဒီဈေးဒီဈေးဖြစ်နေတယ်။ ဘယ်လိုညှိနှိုင်းပေးလို့ရမလဲဆို ပြီး တင်ပြပေးမှာပေါ့”ဟု ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။

ပြီးခဲ့သည့်နှစ်ကလည်း အခြေခံ စပါးဈေးနှုန်းကို တစ်တင်းလျှင် ငါးထောင်ကျပ်ဟု သတ်မှတ်ထားသည်။

လက်ရှိ သတ်မှတ်ထားသော အခြေခံ ဈေးနှုန်း တစ်တင်း ငါးထောင်ကျပ်မှာလည်း လက်ရှိ လုပ်အားခ၊ သွင်းအားစု ဈေးနှုန်းများအရ လယ်သမားများအတွက် အမြတ်မရှိသေးကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့က ပြောဆိုကြသည်။

ကျော်သူစိုး