တနင်္သာရီတိုင်းအတွင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ငါးရာနီးပါး မှတ်ပုံတင်ထား

0
1573

တနင်္သာရီတိုင်းအတွင်း အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း ငါးရာနီးပါး မှတ်ပုံတင်ထားကြောင်း တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနထံမှ သိရသည်။

အင်ဂျင်ပါဝါမြင်းကောင်ရေ သုည ဒသမ ၂၅ ကောင်မှ ၅ ကောင်အား အထိရှိပြီး အလုပ်သမား ၉ ဦးထက် မပိုသည့် စက်မှုလုပ်ငန်းများနှင့်  အလုပ်သမား ၃ ဦးနှင့်အထက်ရှိသည့် လက်မှုလုပ်ငန်းများကို တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက မှတ်ပုံတင် ထုတ်ပေးနေခြင်းဖြစ်သည်။

အထက်ပါ သတ်မှတ်ချက်များနှင့် အကျုံးဝင်သည့် သစ်အခြေခံပရိဘောဂ လုပ်ငန်း၊ သဘာဝသစ်သီးယိုမျိုးစုံနှင့် ဖျော်ရည် လုပ်ငန်း၊ အလူမီနီယံတပ်ဆင်မှု လုပ်ငန်း၊ ရွှေပန်းတိမ်လုပ်ငန်း၊ အလှကုန်လုပ်ငန်း၊ အထွေထွေစက်မှုလက်မှုလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း အစရှိသည့် လုပ်ငန်းအမျိုးအမည်ပေါင်း ၃၀ ကျော်ကို မှတ်ပုံတင်ထုတ်ပေးနေကြောင်း အထက်ပါဌာနထံမှ သိရသည်။

တိုင်းအတွင်း မှတ်ပုံတင်ထားသည့် စက်မှုလက်မှုလုပ်ငန်း ၄၉၃ ခုရှိသည့် အနက် ကား၊ ဆိုင်ကယ်ဝပ်ရှော့လုပ်ငန်းများက အများဆုံးမှတ်ပုံတင်ထားပြီး ဒုတိယအများဆုံးမှာ အထွေထွေစက်မှု လက်မှုလုပ်ငန်းဖြစ်ကာ တတိယအများဆုံးမှာ စားသောက်ကုန်လုပ်ငန်းများဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း များ မှတ်ပုံတင်ထားပါက ရေဒီယို ရုပ်မြင် သံကြားတွင် တရားဝင်ကြော်ငြာခွင့်၊ ထုတ်လုပ်သည့် စံချိန်စံညွှန်းမီကုန်ပစ္စည်း များကို နိုင်ငံခြားဈေးကွက်များသို့ သတ် မှတ်ချက်နှင့်အညီ တင်ပို့ရောင်းချခွင့်၊ ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ချေးငွေများ အထောက်အပံ့များရယူ နိုင်ခြင်း အစရှိသည့် အကျိုးများရရှိနိုင်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

“မှတ်ပုံတင်ထားခြင်းအားဖြင့် SME ချေးငွေတွေ ရရှိနိုင်တယ်၊ SME ချေးငွေတွေ ချေးဖို့အတွက် အထောက်အကူဖြစ်တာပေါ့”ဟု ဦးကျော်ဇင်ထွန်းက ပြောသည်။

အသေးစား စက်မှုလက်မှုလုပ်ငန်း မြှင့်တင်ရေးဥပဒေအရ အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းများ မှတ်ပုံတင်ရမည် ဖြစ်ပြီး ပျက်ကွက်ပါက အနည်းဆုံး ငွေကျပ်ငါးသောင်းမှ အများဆုံးကျပ်တစ် သိန်းအထိ ချမှတ်ခံရမည်ဖြစ်သည်။

လုပ်ငန်းမှတ်ပုံတင်ဆောင်ရွက်ရာတွင် ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ၊ ပိုင်ရှင်၏ဓာတ်ပုံ၊ ရပ်ကွက်ထောက်ခံစာ အစရှိသည့်အချက်များလိုအပ်ပြီး အချက်အလက်ပြည့်စုံပါက အချိန်နှစ်လခန့် ကြာမြင့်ကြောင်း အထက်ပါဌာန၏ တိုင်းဒေသကြီး ဦးစီးမှူးဦးကျော်ဇင်ထွန်းက ဆိုသည်။

စားသောက်ကုန် အလှကုန် လူသုံး ကုန်လုပ်ငန်းဖြစ်ပါက ဘက်တီးရီးယား ပါဝင်မှု၊ အမှုန်အမွှားပါဝင်မှု၊ ဓာတုပစ္စည်း ပါဝင်မှု အစရှိသည့် သက်ဆိုင်ရာ ပစ္စည်းအလိုက် ဓာတ်ခွဲခန်းအဖြေလိုအပ် ကြောင်း ၎င်းင်းက ပြောသည်။

မှတ်ပုံတင်မည့်လုပ်ငန်း(ပစ္စည်း) အချို့ကို ဌာန၏ တိုင်းဒေသကြီးရုံး တွင်ပင် ဓာတ်ခွဲစစ်ဆေးပေးနေကြောင်း ဦးကျော်ဇင်ထွန်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း ရောင်းချနေသည့် အစားအသောက်အချို့မှာ မှတ်ပုံတင်ထားခြင်းမရှိသေးပေ။

ကိုဇော်