လူထုအမှတ်သညာပွဲတော် ဖိတ်ခေါ်မှတ်တမ်းရုပ်ရှင်နှင့် ဓာတ်ပုံ ပြိုင်ပွဲအတွက် စာရင်းပေးသူနည်းနေ

0
510

ထားဝယ်တွင် လူထုအမှတ်သညာပွဲတော် ကျင်းပရန်အတွက် ဖိတ်ခေါ် မှတ်တမ်းရုပ်ရှင်ပြိုင်ပွဲနှင့် ဓာတ်ပုံပြိုင်ပွဲဝင်မည့်သူများကို ဖိတ်ခေါ်လျက်ရှိရာ စာရင်းပေးသူအနည်းငယ်သာ ရှိသေးသည်ဟု ပွဲစီစဉ်သူ ထားဝယ်တာဝန်ခံ ကိုမိုးက ပြောသည်။

ပြိုင်ပွဲဝင် ဓာတ်ပုံနှင့် မှတ်တမ်း ရုပ်ရှင်ကို စက်တင်ဘာလကတည်းက  ဖိတ်ခေါ်ထားသော်လည်း လက်ရှိအချိန် ထိ ပြိုင်ပွဲဝင်မှတ်တမ်းရုပ်ရှင် သုံးလေးခု နှင့် ပြိုင်ပွဲဓာတ်ပုံ သုံးလေးပုံသာ လာရောက်ပေးပို့သူရှိသေး သည်ဟု ကိုမိုးက ပြောသည်။

“ဖိတ်ခေါ်ထားတာတော့ ကြာပြီ။ ပြိုင်ဖို့ ပြောထားသူတွေကတော့ အများကြီးပဲ ရက်ဝေးသေးလို့ ထင်တယ်။ တချို့ ကလည်း ရက်နီးမှ ဝုန်းဝုန်းဆိုပြီး ရောက်ချ လာတတ်တယ်”ဟု ကိုမိုးက ပြောသည်။

ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် ဓာတ်ပုံနှင့် မှတ်တမ်းဗီဒီယိုများကို အောက်တိုဘာလ ၃၁ ရက်နောက်ဆုံးထား ပေးပို့ရမည်ဟု သိရသည်။

ဓာတ်ပုံ ပြိုင်ပွဲအတွက် ပထမဆုကို ကျပ် ၄ သိန်း၊ ဒုတိယဆုကို ကျပ် ၃ သိန်း၊ တတိယဆုကို ကျပ် ၂ သိန်းနှင့် မှတ်တမ်း ရုပ်ရှင်ပြိုင်ပွဲအတွက် ပထမဆုကို ကျပ် ၈ သိန်း၊ ဒုတိယဆုကို ကျပ် ၅ သိန်း၊ တတိယဆုကို ကျပ် ၃ သိန်း သတ်မှတ်ထားပြီး အခြားဆုများလည်း ပါဝင်သည်ဟု သိရသည်။

Open History Project Dawei လူထုအမှတ်သညာပွဲတော်တွင် ထားဝယ်ဒေသနှင့် ပက်သက်သည့် ရှေးယခင်က (၂၀၀၀ ခုနှစ် မတိုင်ခင်က အပါအဝင်) ဓာတ်ပုံ၊ သတင်းစာ၊ ဖိတ်စာ၊ ပိုစ့်စကတ်၊ ကဗျာရွတ်ဆိုခြင်း၊ ပန်းချီပြပွဲများအပြင် ကလေးပန်းချီနှင့် ထားဝယ်ဒေသရှိ အထင်ကရပုဂ္ဂိုလ်ကြီးများ၏ သမိုင်း စာတမ်းဖတ်ပွဲများကိုပါ ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လူထုအမှတ်သညာပွဲတော် ဓာတ်ပုံ ပြပွဲပြသရန်အတွက် ပြသမည့်ဓာတ်ပုံ ၅၀၀ ကျော်ရရှိထားပြီး ဓာတ်ပုံပြပွဲ အတွက်လည်း ထားဝယ်ဒေသရှိ လူထုကို ဖိတ်ခေါ်ထားကြောင်း ကိုမိုးက ပြောသည်။

ဓာတ်ပုံပြပွဲကို နိုဝင်ဘာ ၆ ရက်မှ ၉ ရက်အထိ Bamboo Garden အရှေ့ ရွှေဝယ်သီရီအားကစားကွင်းအနီးတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မိုးမြင့်