နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ရာတွင် ဥပါသကာများ ညီညီညာညာ လိုက်ပါရန် မေတ္တာရပ်ခံ

0
804

ထားဝယ်မြို့တွင် ၁၁၀ ကြိမ်မြောက် ကျင်းပမည့် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲတွင် ဥပါသကာများ ညီညီညာညာ တန်းစီပြီး လိုက်ပါရန် မေတ္တာရပ်ခံထားကြောင်း ဘုရားကြီး ဂေါပကအဖွဲ့ဝင် (ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ) ဦးထွန်းကြည်က ပြောသည်။

ပြီးခဲ့သည့်နှစ်က ဥပါသကာများ ညီညာစွာစီတန်းပြီးလိုက်ပါသည့် ရပ်ကွက်/ကျေးရွာအချို့ရှိခဲ့ပြီး ယခုနှစ်တွင် အားလုံးညီညာစွာ လိုက်ပါရန် ရပ်ကွက်/ ကျေးရွာ ဂေါပကများနှင့်ပြုလုပ်သည့်အစည်းအဝေးတွင် မေတ္တာရပ်ခံထားကြောင်း ၎င်းက ဆိုသည်။

ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်ပွဲအပြင် တနင်္သာရီမြို့နယ်ရှိ နဂါးလှေလှော်ပွဲနှင့် ဆလုံယဉ်ကျေးမှုတို့ကို တိုင်းအစိုးရအစီအစဉ်ဖြင့် ယူနက်စကို ဝင်ရန် တင်သွင်းထားကြောင်း ကျင်းပရေးကော်မတီဥက္ကဋ္ဌက ပြောသည်။

ထိုကြောင့် ယဉ်ကျေးမှုဌာနနှင့် ယူနက်စကိုအဖွဲ့အစည်းက မှတ်တမ်းတင်ခြင်း၊ စိစစ်ခြင်းများ ပြုလုပ်နိုင်သည့် အတွက် ယင်းကဲ့သို့ မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ယဉ်ကျေးမှုကို ဖော် ထုတ်ပြတဲ့အနေနဲ့ ဘုရားလှည့်လိုက်ရာမှာ ညီညီတန်းစီပြီးလိုက်ကြပါဗျာ” ဟု ဦးထွန်းကြည်က ပြောသည်။

ထားဝယ်တန်ဆောင်တိုင်နှစ်ကျိပ် ရှစ်ဆူဘုရားလှည့်ပွဲကို နှစ်စဉ်တန်ဆောင် မုန်းလဆန်း ၁၄ ရက်ညတွင် ကျင်းပလေ့ရှိပြီး လပြည့်နေ့ နံနက်စောစောအချိန်ထိ လှည့်လေ့ရှိသည်။

ယင်းအပြင် ရပ်ကွက်/ကျေးရွာများမှ ဘုရားကြီးဝင်းအတွင်း ဘုရားပြန်ပို့ ရာတွင်လည်း မြန်မာ့ထုံးတမ်းဓလေ့ယဉ် ကျေးမှုနှင့် သက်ဆိုင်သည့် အဆို၊ အက၊ အတီးများဖြင့်သာ ဖျော်ဖြေရန်လည်း မေတ္တာရပ်ခံထားကြောင်း ၎င်းက ဆိုသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ချိန်တွင်လည်း  ဘုရားကြီးဝင်းအထွက်မှ ရုံးကြီး လမ်းဆုံအထိ ယာဉ်များမဝင်နိုင်အောင် ကြပ်မတ်ပေးရန် တိုင်းအစိုးရကို မေတ္တာ ရပ်ခံထားကြောင်း ၎င်းက ပြောသည်။

ထို့အပြင် အမှိုက်စုပြီးထည့်နိုင်မည့် ပလပ်စတစ်အိတ်အကြီးများကိုလည်း ဘုရားဖောင်တိုင်းကို ပေးထားမည်ဖြစ်ပြီး အမှိုက်ထည့်ပြီးပါက မြင်သာသည့်နေရာတွင် ထားခဲ့နိုင်ကာ အမှိုက်သိမ်းသည့်အဖွဲ့မှ သိမ်းယူရန် စီစဉ်ထားကြောင်း ဦးထွန်းကြည်က ဆိုသည်။

တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကို မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးဧည့်သည်အများအပြား လာရောက် လေ့ရှိသည်။

ကိုဇော်