တပ်မတော်အရာရှိ ဟောင်းတစ်ဦးထံမှ တစ်သောင်းတန်အတု ဖမ်းမိ

0
2486

ထားဝယ်မြို့တွင် တပ်မတော်အရာ ရှိဟောင်းတစ်ဦးထံမှ တစ်သောင်းတန်ငွေ စက္ကူအတုများ ဖမ်းမိခဲ့ကြောင်း ထားဝယ် မြို့မ ရဲစခန်းထံမှ သိရသည်။

ရန်ကုန်မြို့နေ အသက် ၃၂ နှစ်အရွယ် ရှိ အဆိုပါအမျိုးသားသည် ဗိုလ်ကြီးဟောင်းဖြစ်ပြီး တပ်မတော်မှပြစ်မှုဖြင့် ထုတ်ပယ် ခံထားရကာ ထောင်ဒဏ် ၁၀ နှစ်ချမှတ် ခံထားရသူဖြစ်သည်ဟု စစ်ဆေးချက်အရ သိရကြောင်း ထားဝယ်မြို့မ ရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်မိုးက ဆိုသည်။

အဆိုပါပြစ်မှုဖြင့် ထောင် ၅ နှစ်ခန့် ကျခံပြီး လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွတ်လာသူဖြစ်ကြောင်း ၎င်းက ပြောသည်။


“ဖြစ်တာကတော့ Wave Money မှာ သုံးသိန်းလွှဲတယ်။ အခြားနေရာကို လွှဲသလိုလိုနဲ့ သူ့ဖုန်းနံပါတ်ကိုပဲ လွှဲခိုင်းတယ်”ဟု ဒုရဲမှူးအောင်နိုင်မိုးက ဆိုသည်။

ငွေလွှဲရန်အတွက် ပေးချေသည့် တစ်သောင်းတန်များမှာ အတုဖြစ်ကြောင်း Wave Money ဆိုင်က သိရှိသည့် အတွက် အဆိုပါငွေစက္ကူများကို ဘဏ်တစ်ခုမှထုတ်ယူလာခြင်းဖြစ်သည်ဟုဆို ကာ ဆိုင်မှထွက်သွားကြောင်း ၎င်းက ပြောသည်။

ယင်းနောက် ထားဝယ်မြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ရောက်ရှိနေကြောင်း သတင်းရသည့်အတွက် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့သည်ဟု ဒုရဲမှူးအောင်နိုင်မိုးက ဆိုသည်။

အဆိုပါ အမျိုးသားကို ဖမ်းမိချိန်တွင် ၎င်းထံမှ တစ်သောင်းတန်အတု ၃၆ ရွက်ကို တွေ့ရှိရပြီး ၎င်းတည်းခိုသည့် တည်းခိုခန်းသို့ ဝင်ရောက်ရှာဖွေရာ ငွေစက္ကူအတုတွင် ရေစာ(လုံခြုံရေးကြိုး) ပြုလုပ်သည့် လက်သည်းဆိုးဆေးပုလင်း နှင့် ကတ်ကြေး၊ ပေတံ အစရှိသည့် ပစ္စည်းများ တွေ့ရကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် အဆိုပါ အမျိုးသား ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်းတွင် ငွေစက္ကူအတုအဆင်သင့်ထုတ်နိုင်သည့် ပုံ(Soft Copy) တစ်ခုကိုလည်း တွေ့ရကြောင်း ဒုရဲမှူးအောင်နိုင်မိုးက ပြောသည်။

ငွေစက္ကူအတုများကို ထားဝယ်မြို့ ဆေးရုံလမ်းရှိ ကွန်ပျူတာစာစီစာရိုက် ဆိုင်တွင် ကထိန်ပဒေသာပင်၌ အလှဆင်ရန်ဟုဆိုကာ အဆိုပါ Soft Copy ဖြင့်ပင် ၎င်းကိုယ်တိုင် ဆိုင်မှ Color Printer ဖြင့် ထုတ်ယူခဲ့ကြောင်း ဒုရဲမှူးအောင်နိုင်မိုးက ရှင်းပြသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါ အမျိုးသားကို ထားဝယ်မြို့မရဲစခန်းတွင် ဖမ်းဆီးကာ စစ်ဆေးလျက်ရှိကြောင်း အထက်ပါရဲစခန်း ထံမှ သိရသည်။

တစ်သောင်းတန်ငွေစက်္ကူအတု တွေ့ရှိမှုနှင့်ပတ်သက်၍ အထက်ပါ အမျိုးသားကို မြန်မာနိုင်ငံဗဟိုဘဏ် ဥပဒေပုဒ်မ- ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် ထားကြောင်း ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။

Dawei Watch