တီဇစ်နှင့် ကလုံးထာ CBT ယခုလကုန် ခွင့်ပြုမည်

0
1253

ထားဝယ်ဒေသရှိ တီဇစ်ကျေးရွာနှင့် ကလုံးထာကျေးရွာတို့တွင် ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း(CBT) ကို ယခုလ နှောင်းပိုင်းတွင် စတင်ခွင့်ပြုတော့ မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ CBT ခရီးစဉ်များကို   အောက်တိုဘာလနှောင်းပိုင်းမှစတင်ကာ  နေ့ချင်းပြန်သွားရောက်လည်ပတ်ခွင့်ပြု မည်ဖြစ်ကြောင်း ဟိုတယ်/ခရီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ဆိုသည်။

“တီဇစ်ကိုတော့ ညအိပ်ရောင်း ခိုင်းတယ်။ ဒါပေမယ့် တီဇစ်မှာ ညမအိပ်ရဘူး။ စမ်းလှမ်းမှာ ညအိပ်ရမယ်”ဟု ဦးညိုအေးက ပြောသည်။

ကလုံးထာရွာ CBT တွင် တောတွင်း လမ်းလျှောက်ခြင်း၊ ရေပူစမ်းနှင့် ကလုံးထာ ချောင်းတွင် လေ့လာအနားယူခြင်း အစရှိသည့် အစီအစဉ်များပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တီဇစ်ကျေးရွာတွင်မူ ပင်လယ်ငါး လုပ်ငန်းလေ့လာခြင်း၊ ပင်လယ်အတွင်းသို့ လှေဖြင့်လိုက်ပါပြီး ငါးရှာ ခရုရှာ ခြင်း စသည့် အစီအစဉ်များ ပါဝင်မည် ဖြစ်ကြောင်း ဦးညိုအေးက ရှင်းပြသည်။

အထက်ပါကျေးရွာနှစ်ရွာတွင် CBT လုပ်ငန်းဖြစ်မြောက်ရေးအတွက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခု က CBT နှင့် သက်ဆိုင်သည့် သင်တန်းများပို့ချပေးခြင်း၊ ထောက်ပံ့ပေးခြင်းများ လုပ်ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်း၏ ပထမဆုံး CBT လုပ်ငန်းကို လောင်းလုံးမြို့နယ်အတွင်းရှိ စမ်းလှမ်းကျေးရွာတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းက ဖွင့်လှစ်ခဲ့သည်။

မြိတ်ခရိုင်ရှိ ဒုံးညောင်မှိုင်းနှင့် ကော့သောင်းခရိုင်တွင် မကြုံကလက်တို့ တွင်လည်း CBT အကောင်အထည်ဖော် ရန် တိုင်းအစိုးရက စီစဉ်နေသည်။

ကိုဇော်