ပြန်ခွဲခွာချိန်

0
204

သီတင်းကျွတ်ပွဲတော် ပြီးပါပြီ..။

ပွဲတော်ကာလ အလုပ်၊ ကျောင်း၊ သင်တန်း၊ ရုံး ရက်ရှည်ပိတ်ချိန် မိမိတို့ မွေးရပ်မြေသို့ ခေတ္တပြန်လာသူတို့ အိမ်မှ ပြန်ခွာကြလေပြီ။

သီတင်းကျွတ်ကာလ ခွင့်ရက်ရှည်ယူကာ အိမ်ခဏ ပြန်လာကြသည့် ပြည်တွင်းပြည်ပမှ ရွှေ့ပြောင်းအလုပ်သမားများတို့လည်း မိမိလုပ်ငန်းခွင်သို့ ပြန်ဝင်ရန် မွေးရပ်မှ ခွာကြရလေပြီ။

သရက်နှစ်ခွကျေးရွာမှ အသက် ၆၄ နှစ်အရွယ် ဒေါ်သိန်းမြင့်၏ သားသမီးတို့လည်း ထိုင်းသို့ ပြန်သွားကြပြီ ဖြစ်ပါသည်။

သီတင်းကျွတ်ကာလအတွင်း မိသားစု စုံနေစဉ်က ဒေါ်သိန်းမြင့် စိတ်ထဲပျော်ရွှင်မှုပီတိတို့ ပြည့်လျှံနေခဲ့ သည်။

သားသမီးတို့ ကြိုက်တတ်သည့် ဟင်းများ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကာ မိသားစု ထမင်းလက်ဆုံ စားကြရသည် ကလည်း ဒေါ်သိန်းမြင့်တစ်ယောက် ယခင် နေ့များထက် ထမင်းပိုမြိန်ခဲ့ရသည်။

“ထမင်းတစ်ပန်းကန်ကို ဘယ်လို ကုန်သွားလဲ မသိဘူး”ဟု ဒေါ်သိန်းမြင့်က ဆိုသည်။

သားသမီးတို့ ပြန်သွားချိန်တွင်ကား ဒေါ်သိန်းမြင့်တို့အိမ်ကလေးက ခြောက်ကပ် သွားသည်။ ထမင်းဝိုင်းလေးလည်း နေရာလွတ် များစွာဖြင့် ငြိမ်ဆိတ်သွား တော့သည်။

“ပြန်ခွဲသွားရင်တော့ ဝမ်းနည်းသလိုလို တိတ်ဆိတ်သွားတယ်။ တစ်မျိုး ကြီးဖြစ်သွားတယ်။ ဟာတာတာကြီးဖြစ် သွားတယ်” ဟု ဒေါ်သိန်းမြင့်က ဖွင့်ဟသည်။

လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာ နေ အသက် ၅၄ နှစ်အရွယ် ဒေါ်သောင်းညွန့်ထံသို့လည်း စစ်ကိုင်းတိုင်း မုံရွာတွင်နေထိုင်သည့် အကြီးဆုံးသားက ယခုသီတင်းကျွတ်တွင် မိသားစုအလိုက် အလည်လာကြလေသည်။

“မြေးလေးကလည်း စကားတတ်။ လူလည်းမစိမ်းဘူး။ ဖွားဖွား ဖွားဖွားနဲ့ ခေါ်ခေါ်နေတာ” ဟု ဒေါ်သောင်းညွန့်က ပြောသည်။

သားကြီး၏ဇနီး ဒေါ်သောင်းညွှန့် ၏ ချွေးမ မုံရွာသူကို ထားဝယ်ရှင်ကိုးရှင် နှင့် မောင်းမကန်ကမ်းခြေ လိုက်ပို့ပေး သည်။ ကားငှားကာ မိသားစုလိုက် လိုက်ပို့ကြသဖြင့် ပျော်စရာခရီးစဉ် ဖြစ်ခဲ့သည်။

သားကြီး စားချင်သည်ဆိုသည့် မုန့်ဆီကြော် လုပ်ကျွေးသည်။

မုန့်လုပ်စားသည့်နေ့က သီတင်းကျွတ် အိမ်ပြန်ခွင့်မရသည့် မလေးရှားရောက် ဒေါ်သောင်းညွန့်၏ သားငယ်ကို ဖုန်းဖြင့် (Video Call) ခေါ်ကာ မိသားစု စကားပြောဖြစ်ကြသည်။

“မုန့်လုပ်စားနေ့ကဆိုရင်အေ ဝမ်းကို နည်းတယ်။ သြော် ဒီအချိန်မှာ သားငယ် လည်းရှိနေရင်းကောင်းမယ်ဆိုပြီး ကိုယ့်ဘာသာတွေးပြီး စိတ်မကောင်း ဖြစ်ရတယ်”ဟု ဒေါ်သောင်းညွှန့်က ဆိုသည်။

ယခုကား သားကြီးပါ မုံရွာသို့ ပြန်သွားလေပြီ။

သားကြီးစားရန်နှင့် မုံရွာရှိ ဆွေမျိုး မိတ်ဆွေတို့ကို ဝေငှပေးရန် မုန့်ဆီကြော်များ ထပ်လုပ်ပေး လိုက်သေးသည်။

ထားဝယ်တွင်သာ နေချင်သည်ဆိုသည့် သားကြီး၊ အပြင်က ပြန်လာတိုင်းဘာပဲ စားလာစားလာ မီးဖိုချောင်ဝင်ကာ အမေ့လက်ရာကို ရှာဖွေစားသောက်ရမှ စိတ်ကျေနပ်မှုရတတ်သည့်သားကြီး ကို မုံရွာ ပြန်မလွှတ်ချင်ဟု ဒေါ်သောင်းညွှန့်က ပြောသည်။

“စိတ်ထဲမှာမကောင်းဘူး။ အဲဒီမှာ နေတာ စားရေးသောက်ရေး အဆင်ပြေရဲ့ လားမသိဘူး။ အခုကို သူလည်း မပြန်ချင်ဘဲ ပြန်သွားရတယ်။ ကိုယ်လည်း မလွှတ်ချင်ဘဲ လွှတ်လိုက်ရတယ်” ဟု ဒေါ်သောင်းညွန့်က ဆိုသည်။

ယင်းသို့သော ခွဲခွာချိန်များတွင် ကျန်ရစ်သူသာ ဝမ်းနည်းကြရသည်မျိုး မဟုတ်ပါ။ မိသားစုကို ချန်ရစ်ရသူတို့ လည်း ဝမ်းနည်းကြရသည်သာ။

မိသားစုနှင့် ခွဲကာ မကြာမီ ထိုင်းနိုင်ငံသို့ ထွက်ခွာရတော့မည့် ရေဖြူမြို့ နယ် ရှင်ထဘီကျေးရွာ သူ အသက် ၂၂ နှစ်အရွယ် မမေဇွန်းဖြူကလည်း အိမ်နှင့် ခွဲသွားနေကျဖြစ်၍ စိတ်ထဲရိုးသလို ဖြစ်နေသော်လည်း ခွဲခါနီးခဏဆိုက စိတ်မခိုင်ပါ။

“သွားခါနီးဆိုရင်တော့ မျက်ရည်တော့ ကျတာပဲ”ဟု မမေဇွန်းဖြူက ပြောသည်။

တနင်္သာရီသတင်းအဖွဲ့