တနင်္သာရီအတွက် စီးပွားရေး ပုံစံ

0
572

ထားဝယ်အပါအဝင် တနင်္သာရီတိုင်းဒေသကြီးသည် လူထုလှုပ်ရှားမှုများတွင် အတော်အတန် အားကောင်းသည်။ ကျောက်မီးသွေးစက်ရုံ စီမံကိန်းများ၊ ထားဝယ်အထူးစီးပွားရေးဇုန် စသည်ကဲ့သို့သော စီမံကိန်းပုံစံများသည် ဒေသ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အခင်းအကျင်းအတွက် ထိခိုက်မှုများ ရှိနိုင် သည်ဟုဆိုကာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ယင်းတွင် အောင်မြင်သင့်သလောက်လည်း အောင်မြင်ခဲ့ကြသည်။

နှစ်ပေါင်းဆယ်ချီကြာသော ကန့်ကွက်ဆန့်ကျင်ရေး ခရီးအပြီး နောက်ထပ် အဖြေတစ်ခု ရှာရန် အချိန်ကျလာပြီ ဖြစ်သည်။ ယင်းမှာ ထိုသို့သော ဒေသခံများကို ထိခိုက်စေသည် ဟူသော စီမံကိန်းများကို လက်မခံပါက မည်သို့သော စီးပွားရေး ပုံစံ၊ မည်သို့သော စီးပွားရေးလုပ်ငန်းများသည် ထားဝယ်နှင့် တနင်္သာရီဒေသအတွက် ကိုက်ညီသည်၊ ဒေသခံများအတွက် အကျိုးရှိသည် ဟူသော အဖြေရှာရန် အချိန်တန်ပြီ ဖြစ်သည်။

တနင်္သာရီဒေသအတွက် လိုအပ်သော၊ အကျိုးရှိသော၊ ဒေသခံများအတွက် အကျိုးအမြတ်ဆောင်ကြဉ်းနိုင်သော စီးပွားရေးလုပ်ငန်းများကား အဘယ်နည်း။

ယင်းအတွက် အားလုံးအဖြေရှာရန် အချိန်တန်ပြီ ဖြစ်သည်။

ထိုသို့ အဖြေရှာရာတွင် သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၊ စီးပွားရေး အသင်းအဖွဲ့များ၊ ဒေသခံများ၊ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူ၊ လွှတ်တော် ကိုယ်စားလှယ်များ အတူတကွ တွေ့ဆုံဆွေးနွေးရန် အချိန်တန်ပြီ ဖြစ်သည်။

အားလုံး ပါးနပ်လိမ္မာရန်နှင့် ရန်ငါ စည်းမခြားရန်လိုအပ်ပါသည်။ သို့မှသာ ထိုသို့သော အဖြေကို ရှာရန် ဆွေးနွေးနိုင်မည်ဖြစ်သည်။

အချုပ်ဆိုရသော် ကိုယ်မလိုချင်တော့သော ပုံစံကို ဆန့်လည်း ဆန့်ကျင်ရမည်။ တဖက်တွင်လည်း ကိုယ်လိုချင်သော ပုံစံအသင့်ရှိနေရန်လိုသည့် အချိန်လည်း ဖြစ်သည်။

အယ်ဒီတာ (အောက်တိုဘာ ၁၂၊ ၂၀၁၉)