မေ့လျော့ခံ ရတနာလေးများ

0
114

ကျွန်တော်တို့တစ်တွေ ဆင်းရဲခဲ့ကြ သည်။ အခုလက်ရှိလည်း ဆင်းရဲကောင်းနေဆဲ။ ဘယ်အချိန်ထိ ဆက်ဆင်းရဲနေဦး မည်မသိ။ အထူးသဖြင့် ၇၀ရာခိုင်နှုန်း ကျော်သော ကျေးလက်နေပြည်သူတွေက ဆင်းရဲသူများထဲတွင် ရှေ့ဆုံးတန်းက နေရာယူကြသည်။ လယ်ယာမြေနှင့် ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကမှီခို အားထားနေကြရသူတွေ။ စပါးဈေး၊ ရော်ဘာဈေးတွေက မကောင်းတော့ ဘဝရပ်တည်ရေးက ပိုမိုခက်ခဲလာကြ သည်။ ဆိုတော့ နောက်ဆုံးထွက်ပေါက်က နေရပ်စွန့်ခွာဖို့ ဖြစ်လာသည်။

အရွယ်ရှိသူ လူငယ်အတော်များများနှင့် လူလတ်ပိုင်းများက နေရပ်စွန့်ခွာပြီး ပြည်ပထွက်ကြရသည်။ တချို့က မလေးရှား။ အများစုက ထိုင်းကိုထွက် ကြခြင်း ဖြစ်သည်။ ထိုင်းကိုသွားရောက် အလုပ်အလုပ်ကြသည်က ဟိုးယခင် ဆယ်စုနှစ်များစွာ ကတည်းက။ အခုက ဝင်ငွေထွက်ငွေမမျှသဖြင့် နေရပ်စွန့်ခွာသူ ပိုများလာခြင်း ဖြစ်သည်။ တချို့လူငယ်များက ပြည်တွင်းတွင် ရရှိသော လုပ်ခ လစာဖြင့် မတင်းတိမ်နိုင်သောကြောင့် ဖြစ်သည်။ တချို့ကလည်း ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်း နည်းသော ကြောင့်လည်း ဖြစ်နိုင်သည်။ မည်သည့် အကြောင်းကြောင့်ဖြစ်စေ နေရပ်စွန့်ခွာကြ သူများမှာ အရေအတွက် နည်းမလာဘဲ ပို၍သာတိုးလာသည်။

နေရပ်စွန့်ခွာရခြင်း အကြောင်းအရင်း အမျိုးမျိုးရှိသည်ကို ကျွန်တော်တို့ အားလုံးအသိပင်။

နယ်စပ်ဒေသများတွင်တော့ စစ်ဘေးကြောင့် နေရပ်စွန့်ခွာကြရသည်။ ထို ဒေသများတွင်တော့ နေရပ်စွန့်ခွာသူများမှာ မိသားစု အလိုက်၊ ကျေးရွာအလိုက် စသည်ဖြင့် အုံလိုက်ကျင်းလိုက်ဖြစ်နေပေ လိမ့်မည်။ တချို့ကလည်း ပြည်တွင်း မှာပင် ရေကြည်ရာ မြက်နုရာကို ရှာဖွေ ရင်း မိသားစုလိုက် နေရပ်စွန့်ခွာလာကြ သူများ ရှိသည်။ တချို့ကတော့ မိသားစု လိုက် ပြည်ပထွက်ကြသလို၊ ဟိုရောက်မှ အိမ်ထောင်ကျပြီး မိသားစုနှင့် ဖြစ်လာ ကြသူများလည်း ရှိကြပေသည်။ ကျွန်တော် စိတ်ပူနေမိသည်က ထိုမိသားစုများ နောက်ကွယ်မှ အရွယ်မရောက်သေးသည့် ကလေးငယ်များအရေး ဖြစ်သည်။ အထူးသဖြင့် သူတို့၏ ပညာရေးအတွက် ပိုစိုးရိမ်မိသည်။

စစ်ဘေးရှောင်စခန်းများမှ ကလေး ငယ်များ၏အနာဂတ်သည် မိဘများ၏ဘဝအခြေအနေများနှင့်အတူ လမ်း ပျောက်လျက် ရှိသည်။ အစားအသောက် အတွက်ပင် ခက်ခဲနေသောအနေအထား တွင် သူတို့၏ပညာရေးအခြေအနေမှာ ခေါင်းငုံ့နေကြရဆဲ။ ကျည်ဆန်အစား ပန်းများပွင့်စေချင်သူတွေ၏အိပ်မက်ကို ချိုးဖြူငှက်ကလည်း မစွမ်းဆောင်ပေး နိုင်သေး။

ထိုအခြေအနေမျိုးတွင် မငြိမ်းချမ်း သေးသည့် ဒေသများမှ ကလေးငယ်လေး များ၏ ပညာရေးအခွင့်အလမ်းများသည် ကား နွေနံနက်ခင်းတစ်ခု၏ မြူမှုန် တစ်စလို ဖြစ်နေပေဦးမည်။ အခုတောင် ပွင့်လင်းရာသီရောက်လာပြန်ပြီ။ မိုးတွင်း မှာတောင် တိုက်ပွဲတွေဖြစ်နေကြတော့ ပိုများဆိုးလာဦးမလားမသိ။ ကလေးတွေ ဘေးကင်းကြဖို့ ဆုတောင်းပေးရုံကလွဲပြီး ကျွန်တော်တို့ နောက်ထပ်ဘာမျှ မစွမ်း သာ။

တစ်ဖက်တွင်လည်း ကျူရှင်တိုက်ပွဲ နှင့် ဗျာများနေသည့် မြန်မာ့ပညာရေးမှာ အားရစရာမရှိသေးသည်က အမှန်။

သို့သော် ထိုအရည်အသွေး မပြည့်မီသည့် ပညာရေးကိုပင် စားသုံးခွင့်ရဖို့ ခက်ခဲနေသည့် သူများက ရင်နာစရာ ကောင်းလောက်အောင် များနေသေး သည်။ ကျောင်းနေရမည့်အရွယ်တွင် ပန်းရောင်းနေရသူ၊ စားပွဲထိုးနေရသူ၊ ပန်းရန်လုပ်နေရသူ စသည်ဖြင့်များပြား လှစွာသော လူမမယ်လေးတွေကို ကျွန်တော် တို့ မျက်စိရှေ့တွင် မြင်တွေ့နေကြရသည်။ ပညာဒါနကျောင်းတွေကလည်း သူတို့ကို စာသင်ပေး၍သာရသည်။ စီးပွားရေး ကောင်းအောင် မလုပ်ပေးနိုင်။ တစ်နည်း အားဖြင့် ငွေကြေးမထောက်ပံ့ပေးနိုင်။ အစိုးရကလည်း ဤအချက်ကို မဖြည့်ဆည်း နိုင်သေးသမျှ ထိုကလေးငယ်လေးများမှာ စာသင်ခန်းနှင့် ဝေးနေကြရပေဦးမည်။

ကျွန်တော့်အသိတစ်ယောက်က မက်ဆင်ဂျာမှနေပြီးလင့်ခ်လေးတစ်ခု ပို့လာပြီး မြန်မာအစိုးရက ပိုမိုအာရုံစိုက် လာအောင် ပြောပေးဖို့ တောင်းဆိုလာ သည်။ ကျွန်တော့်မှာ ထိုမျှလောက်ပေါက် ရောက်သော အရည်ချင်းမျိုးကမရှိ။ ကျွန်တော်လုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းက စာရေးခြင်းလောက်သာ။ သူပို့လာသည့် လင့်ခ်လေးကို ဖွင့်ကြည့် လိုက်တော့ ဘန်ကောက်ပို့စ်တွင် ဖော်ပြ ထားသည့် ဆောင်းပါးတစ်ပုဒ်။ ထိုင်းနိုင်ငံ ရနောင်းခရိုင်မှ မြန်မာရွှေ့ပြောင်းအလုပ် သမားများ၏ ကလေးငယ်များကို ပညာ သင်ပေးနေသည့် ကျောင်းများပိတ်ထား ရသည့်အကြောင်းဖြစ်သည်။

ထိုကျောင်းများသည် မြန်မာရွှေ့ပြောင်း ကလေးငယ်များကို မြန်မာစာ၊ အင်္ဂလိပ်စာနှင့် ထိုင်းစာတို့ အဓိကထားပြီး အခြေခံ သင်ကြားပေးသော ကျောင်းများ ဖြစ်သည်။ ထိုကျောင်းများတွင် ပညာသင် ပေးနေသော ကျောင်းဆရာ၊ ဆရာမ ၃၂ ဦးအနက်မှ ၃၁တစ်ဦးက ရွှေ့ပြောင်း အလုပ်သမားအဖြစ် ဝင်ရောက်လာကြပြီး စာသင်ခွင့်ပါမစ်မရှိဘဲ စာသင်နေကြသူတွေ။ ထို့ကြောင့် ထိုင်းအစိုးရက တစ်ဦး လျှင်ဒဏ်ငွေ ဘတ်၅၀၀၀စီတပ်ရိုက်ခဲ့ပြီး၊ ပြည်နှင်ဒဏ်ပေးခဲ့သည်။ အကျိုးရလဒ်က တော့ ထိုကျောင်း၁၀ ကျောင်းတွင် မှီခိုနေရသော ကျောင်းသား ၃၀၀၀ခန့် ပညာသင်ယူခွင့် ဆုံးရှုံးသွားခဲ့ရလေသည်။ မြန်မာအစိုးရ တာဝန်ရှိသူ တစ်ဦးက  သွားရောက်တွေ့ဆုံညှိနှိုင်းမှုလုပ်ခဲ့သော်လည်း ထိုကလေးငယ်လေးများမှာ ယခု ထိပညာသင်ယူခွင့် ဆုံးရှုံးနေရဆဲ။


ထိုင်းနိုင်ငံမှ ထုတ်ပြန်ထားသည့် ၂၀၁၉ခုနှစ် ရွှေ့ပြောင်းအလုပ်သမားများ နှင့် ပတ်သက်သည့် အစီရင်ခံစာတစ်ခုတွင် ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထား သည့် ရွှေ့ပြောင်းလုပ်သားဦးရေမှာ ၃.၉ သန်း ရှိသည်။ မှတ်ပုံတင်ထားခြင်း မရှိသူများလည်း ရှိနေနိုင်သေးကြောင်း ဖော်ပြထားသည်။ ထိုရွှေ့ပြောင်းလုပ်သား များမှာ မြန်မာ၊ လာအို၊ ကမေ်္ဘာဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဖြစ်ကြောင်းဖော်ပြ ထားသည်။ ထိုအထဲတွင် အများဆုံးမှာ မြန်မာများဖြစ်ကြသည်ကိုတော့ မတွေး ကြည့်ဘဲ သိနိုင်ကြပေမည်။ ထိုင်းနိုင်ငံတွင် လာရောက်နေထိုင်ကြသည့် ထိုင်းနိုင်ငံသား မဟုတ်သူ စုစုပေါင်းမှာ ၄.၉သန်းခန့် ရှိသည်ဟုဆိုသည်။

ကျွန်တော်တွေးနေမိသည်က ရနောင်း ခရိုင်တစ်ခုတည်းတွင်ပင်လျှင် ကျောင်း နေအရွယ် မြန်မာရွှွေ့ပြောင်းကလေးငယ် ၃၀၀၀ခန့် ရှိနေလျှင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်ဆိုလျှင် ကိန်းဂဏန်းက အတော် တက်လာမည်ဖြစ်သည်။ ထိုကလေးငယ် များ တစ်ချိန်ချိန်တွင် ပြည်တော်ပြန်ဝင် လာခဲ့လျှင် သူတို့လေးတွေ၏ အနာဂတ် က နိုင်ငံသားတစ်ယောက် ရသင့်ရထိုက် သည့် အခွင့်အရေးမျိုး ရနိုင်ပါ့မလား ဆိုသည်မှာ စဉ်းစားစရာပင်။

လူတစ်ယောက်အတွက်၊ မိသားစု တစ်စုအတွက်၊ တိုင်းပြည်တစ်ခုတွက် ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ဖို့အတွက် တစ်ခုတည်းသော အခွင့်အရေးမှာ ပညာရေး ပင်ဖြစ်လိမ့်မည်။ ဆိုတော့ ပြည်တွင်းမှာ ရော၊ ပြည်ပမှာရော ပညာသင်ကြားခွင့် ဆုံးရှုံးနေကြသည့် မြန်မာကလေးငယ် ပေါင်းများစွာ၏အရေးကို ကျွန်တော်တို့ ကြာရှည်လျစ်လျူရှုထား၍ ကောင်းမည် မဟုတ်ပေ။ သူတို့လေးတွေ၏ အနာဂတ် အရေးကို ကျွန်တော်တို့ မေ့လျော့ထား၍ မဖြစ်။ ထို့ကြောင့် တာဝန်ရှိသူများအနေ ဖြင့် ပညာသင်ယူခွင့် ဆုံးရှုံးနေကြသည့် ကလေးငယ်လေးများ၏အရေးကို အရေး တယူ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်း လိုပါသည်။ နိုင်ငံ့အတွက် လူသားအရင်း အမြစ်ဆိုသည်မှာ အဖိုးမဖြတ်နိုင်သည့် ရတနာပင်မဟုတ်ပါလား။

သန်းဇော်ဦး(ရလိုင်)