ကာယဗလမောင်ပြိုင်ပွဲတွင် မြိတ်က ပြိုင်ပွဲဝင်ဦးရေ အကန့်အသတ်မရှိ ဝင်ပြိုင်ခွင့်ရမည်

0
435

မြို့နယ်ပေါင်းစုံ ကာယဗလမောင် ပြိုင်ပွဲတွင် မြိတ်မြို့က ပြိုင်ပွဲဝင်ဦးရေ အကန့်အသတ်မရှိ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာပညာဦးစီးဌာနထံမှ သိရသည်။

ယင်းပြိုင်ပွဲကို မြိတ်မြို့တွင် ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် အိမ်ရှင်ဖြစ်သည့် မြို့နယ်က ပြိုင်ပွဲဝင် အကန့်အသတ်မရှိ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အခွင့်အရေးကို ရရှိခြင်းဖြစ်ကြောင်း အထက်ပါဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

“ဒီပြိုင်ပွဲကို မနှစ်ကလည်း မြိတ်မှာပဲကျင်းပခဲ့တာ။ ပြိုင်ပွဲကျင်းပတဲ့ မြို့နယ်ကတော့ ပြိုင်ပွဲဝင် ကြိုက်သလောက်ဝင်ပြိုင်၊ အကန့်အသတ်မရှိဝင်ပြိုင် ခွင့်ရှိတယ်”ဟု ၎င်းက ဆိုသည်။

ယင်းပြိုင်ပွဲတွင် ထားဝယ်နှင့် ကော့သောင်းမြို့ နယ်တို့မှ ပြိုင်ပွဲဝင်ကစားသမား ၅ ဦးစီဝင်ပြိုင်မည် ဖြစ်ပြီး ကျန်မြို့နယ်များမှာ တစ်မြို့နယ်လျှင် နှစ်ဦးစီ ဝင်ပြိုင်မည်ဖြစ်ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။

ကာယဗလမောင်ပြိုင်ပွဲအပြင် ကိုယ်ကာယ ကြံ့ခိုင်အလှမယ်ပြိုင်ပွဲကိုလည်း ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲ အတွက်မူ တစ်မြို့နယ်လျှင် နှစ်ဦးစီဝင် ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းပြိုင်ပွဲနှစ်ခုကို မြိတ်မြို့ ပုလဲရတနာခန်းမ၌ အောက်တိုဘာလ ၂၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး