တနင်္သာရီတိုင်း လူငယ်စင်တာတွင် ဆွေးနွေးပွဲများ လစဉ်ပြုလုပ်မည်

0
372

တနင်္သာရီတိုင်း ယာယီလူငယ်စင်တာနှင့် ရုံးခန်းကို ထားဝယ်မြို့တွင် အောက်တိုဘာလ ၉ ရက်က ဖွင့်လှစ် လိုက်ပြီး ယင်းနေရာတွင် လူငယ်များနှင့် သက်ဆိုင်သည့် ဆွေနွေးပွဲများကို လစဉ် ပြုလုပ်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း လူငယ်ရေးရာ ကော်မတီထံမှ သိရသည်။

အထက်ဖော်ပြပါ ယာယီလူငယ်စင်တာနှင့် ရုံးခန်းကို ထားဝယ်မြို့ ဆန်းချီရပ်ကွက် ခရေလမ်းသွယ်(ကမ်း နားလမ်းအနီး)ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်း ကျောင်းအနီးတွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

ယင်းစင်တာတွင် တိုင်းအတွင်းရှိ လူငယ်များကို အစိုးရ၊ လွှတ်တော်စသည့် တိုင်းအဆင့် မူဝါဒချမှတ်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ စသည်တို့နှင့် ဆွေးနွေးပွဲများ၊ မျက်နှာချင်းဆိုင်အစည်း အဝေးများကို လစဉ် လုပ်ဆောင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း လူငယ်ရေးရာကော်မတီ ပြည်ထောင်စုကိုယ်စားလှယ် ကိုဟိန်းထက်က ပြောသည်။

ယင်းအပြင် ဦးဆောင်မှုစွမ်းရည်၊ လူ့အခွင့်အရေးစသည့် လူငယ်များသိသင့်သိထိုက်သည့် လူငယ်စွမ်းရည်မြှင့် သင်တန်းများကိုလည်း လုပ်ဆောင်မည်ဖြစ်ကြောင်း ကိုဟိန်းထက်က ပြောသည်။

“လူငယ်တွေမှာ ဘယ်လိုပြဿနာ တွေရှိနေလဲ။ အစိုးရဘက်ကရော ဘာတွေ လုပ်ပေးလို့ရတယ်ဆိုတာတွေကို မျက်နှာချင်းဆိုင် ဆွေနွေးလိုက်ရင် ပြဿနာတွေလျော့လာမယ်။ ရှေ့ဆက်ပြီး ဘယ်လို အကောင်းဆုံးတွေ လုပ်လို့ရလဲဆိုတာ တွေကိုလည်း လူငယ်တွေဘက်ကရော၊ မူဝါဒချမှတ်သူတွေလည်း စဉ်းစားလို့ ရလာမယ်”ဟု ၎င်းက ဆိုသည်။

ယင်းဆွေနွေးပွဲများတွင် ပါဝင်ဆွေးနွေးမည့် လူငယ်များကို တနင်္သာရီတိုင်း လူငယ်ရေးကော်မတီနှင့် မြို့နယ် ကော်မတီများမှတစ်ဆင့် တိုင်းအတွင်းရှိ ကဏ္ဍအသီးသီးမှ လူငယ်များကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယာယီလူငယ်စင်တာနှင့် ရုံးခန်းစတင်ဖွင့်လှစ်သည့်နေ့တွင်လည်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ ထားဝယ်မြို့ရှိ စီးပွား ရေးလုပ်ငန်းရှင်နှစ်ဦးကို ဖိတ်ကြားကာ ဆွေးနွေးပွဲတစ်ခုကို ယင်းစင်တာတွင် ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်း ယာယီလူငယ် စင်တာနှင့် လူငယ်ရေးရာကော်မတီရုံးခန်းသည် မြန်မာနိုင်ငံတွင်ပထမဆုံး တရားဝင် ဖွင့်လှစ်နိုင်ခဲ့သည့် စင်တာနှင့်ရုံးခွဲတစ်ခုဖြစ်ကြောင်း တနင်္သာရီတိုင်း လူငယ်ရေးရာကော်မတီထံမှ သိရသည်။

ကျော်သူစိုး