ထားဝယ်အမှိုက်ကန်ထွက် အော်ဂဲနစ်မြေဆွေး ဝယ်သူများလာသဖြင့် ထုတ်မလောက်

0
1020

ထားဝယ်အမှိုက်ကန်ရှိ ဟင်းသီးဟင်းရွက်အကြွင်းအကျန်များဖြင့် ထုတ်လုပ်ထားသည့် AA အမှတ်တံဆိပ် အော်ဂဲ နစ်မြေဆွေးကို မှာယူသူများလာသဖြင့် လိုသလောက်မထုတ်ပေးနိုင်ဘဲ ဖြစ်နေသည်ဟု အော်ဂဲနစ်မြေဆွေးထုတ်လုပ်ရောင်းချသည့် အဖွဲ့ထံမှ သိရသည်။

ယခင်က အော်ဂဲနစ်မြေဆွေးကို ထားဝယ်ဈေးကွက်တွင် အသုံးပြုသူ နည်းနေသေးသော်လည်း လက်ရှိတွင် ထုတ်လုပ်နိုင်သမျှကို အကုန်ဝယ်ယူမည့်သူများ ရှိလာပြီး ဈေးကွက်ဝယ်လိုအားအတိုင်း ထုတ်မပေးနိုင်ဘဲ ဖြစ်နေသည်ဟု အထက်ပါအဖွဲ့မှ ဦးထွန်းဝေက ပြောသည်။

“လိုသလောက်ထုတ်နိုင်ဖို့ကတော့ ကြိုးစားရမယ်။ ဈေးကွက်တော့ ရသွားပြီ။ အခုက အားပေးသမားတွေကို မျက်နှာမပြရဲဘူး ဖြစ်နေတယ်”ဟု ဦးထွန်းဝေက ဆိုသည်။

ယခုနှစ်တွင် မိုးများသဖြင့် မခြောက်သွေ့ဘဲ စိုထိုင်းထိုင်းဖြစ်နေသဖြင့် ဈေးကွက် ဝယ်လိုအားအတိုင်း ထုတ်လုပ်မပေးနိုင်ခဲ့ဟု ၎င်းက ပြောသည်။

အော်ဂဲနစ်မြေသြဇာပိုမိုထုတ်လုပ် နိုင်ရန်အတွက် နည်းပညာ၊ အလုပ်သမားနှင့် မြေနေရာအခက်အခဲများ ရှိကြောင်း ၎င်းက ဆိုသည်။

ထားဝယ်အမှိုက်ကန်မှ အမှိုက်အမျိုးအစားများကို ခွဲထုတ်ကာ ဟင်းသီး ဟင်းရွက်နှင့် အစားအစာ အကြွင်းအကျန် အမှိုက်များကို လွှစာမှုန့်၊ ဖွဲ၊ တင်လဲရည်၊ ဓာတုကင်းလွတ်သည့် အနံ့ပျောက်ဆေးရည် EMတို့ဖြင့် အဆင့်ဆင့်ပြုလုပ်ရာတွင် သစ်ပင်အရိပ်အောက်တွင် အချိန် ၆ လခန့်ကြာထား၍ စောင့်ဆိုင်းရ သည်ဟု ၎င်းက ပြောသည်။

အော်ဂဲနစ်မြေဆွေးကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ထုတ်လုပ်နေပြီး တစ်နှစ်လျှင် အော်ဂဲနစ်မြေသြဇာ အိတ်ရေ ၄ သောင်းခန့်ထုတ်လုပ်နိုင်ပြီး ၁၃ ကီလိုခွဲ တစ်အိတ်လျှင် ၂၅၀၀ ကျပ်ဖြင့် ရောင်းချသည်ဟု ဦးထွန်းဝေက ပြောသည်။

သစ်ပင်ရိပ်အောက်တွင်ထားရှိကာ ထုတ်လုပ်ရသဖြင့် မြေနေရာလိုအပ်နေပြီး အမှိုက်ကန်တွင် လုပ်ရသဖြင့် အလုပ်သမား ခေါ်ယူရန်လည်း ခက်ခဲသည်ဟု ၎င်းက ပြောသည်။

“အမှိုက်ကနေ အော်ဂဲနစ်မြေသြဇာ ထုတ်တာကိုတော့ တို့အားပေးတယ်။ လုပ်ငန်းကြီးလာတယ်ဆိုရင် မှတ်ပုံတင် တာတွေ လုပ်ရတယ်။ နောက်တစ်ခုက တို့ဌာနကို လာဆက်သွယ်ရင် စိုက်ပျိုးရေးက နည်းပညာကူညီပေးဖို့ အသင့်ပါ ပဲ”ဟု တနင်္သာရီတိုင်း စိုက်ပျိုးရေး ဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ ဦးဝင်းအောင် က ပြောသည်။

လုပ်ငန်းမှတ်ပုံတင်ခြင်းကိစ္စ၊ မြေနေရာလျှောက်ထားသည့် ကိစ္စ၊ နည်းပညာ စသည့် ကိစ္စများတွင် စိုက်ပျိုးရေး ဦးစီးဌာနသို့ ဆက်သွယ်လာပါကကူညီ ပေးသွားမည်ဖြစ်ကြောင်း ဦးဝင်းအောင်က ပြောသည်။

မိုးမြင့်