ကော့သောင်း-ပုလုံးတုံတုံး သစ်သားတံတား ယခုလအတွင်း ပြုပြင်မည်

0
1004

ကော့သောင်းမြို့နှင့် ပုလုံးတုံတုံးရွာ ချိတ်ဆက်ထားသည့် သစ်သားတံတားအား ယခုလအတွင်း ပြုပြင်သွားမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောသည်။

စက်တင်ဘာလ ဒုတိယအပတ်က တံတားပျက်စီးနေကြောင်း ပုလုံးတုံတုံးကျေးရွာ တံတားပြုပြင်ထိန်းသိမ်းရေးကော်မတီက တင်ပြလာသဖြင့် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ကွင်းဆင်းစိစစ်ကာ ပြုပြင်မှုအတွက် ခန့်မှန်းကုန်ကျငွေ တွက်ချက်ပြီး မြို့နယ်/ ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ကို တင်ပြခဲ့ကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။

လက်ရှိအချိန်တွင် ခရိုင်စီမံခန့် ခွဲမှုကော်မတီက  တံတားပြုပြင်ရန် အတည်ပြုပြီး ဖြစ်သောကြောင့် ပုလုံး တုံတုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တံတားကော်မတီသို့ ငွေထုတ်ပေးကာ တံတားပြုပြင်သွားမည်ဖြစ်ကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။

“ဘဏ်ဖွင့်ရက်မှာ ငွေထုတ်ပေး ပြီးတော့မှ ပြင်ဖို့ ဆောင်ရွက်ပါမယ်။ ဒီလဒုတိယအပတ်မှာ စပြင်မှာပါ။ ပွဲတော်ကာလ သီတင်းကျွတ်တော့ မမီတော့ဘူး ပေါ့နော်။ တန်ဆောင်တိုင်တော့ မီမှာပါ”ဟု ဦးဇော်လင်းထွန်းက ပြောသည်။

၎င်းတံတားမှာ အရှည်ပေ ၂၇၀၀ ရှိသည့် ပင်လယ်ဖြတ်ကျော် သစ်သားတံတားရှည်ဖြစ်ကာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကြားကာလများတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပုလုံးတုံတုံးကျေးရွာ တံတားပြုပြင်ထိန်း သိမ်းရေးကော်မတီက တာဝန်ယူထိန်း သိမ်းပြုပြင်ခဲ့သည်။

ယခုရက်ပိုင်းအတွင်း ယင်းတံတား ပျက်စီးနေမှုကို ပြုပြင်ခြင်းမရှိသည့်ကိစ္စအား ကော့သောင်းဒေသခံတို့က လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်ပြောဆို နေကြသည်။

ကော့သောင်း-ပုလုံးတုံတုံး ၂လမ်းသွား ကွန်ကရစ်တံတားသစ်တစ်စီးကို ၂၀၁၈ နှစ်ဆန်းက စတင်တည်ဆောက်နေပြီး ၂၀၁၉ ခုနှစ် အပြီးတည်ဆောက်မည်ဟု တံတားတည်ဆောက်ရေး တာဝန် ယူထားသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(၄)တာဝန်ရှိသူက ၂၀၁၈ ခုနှစ်က ပြောဆို ထားသည်။

Dawei Watch