တနင်္သာရီရှေးဟောင်းရိုးရာနဂါးလှေလှော်ပွဲတွင် နဂါးလှေများ အကြောင်း စာတမ်းဖတ်ပွဲ ပြုလုပ်မည်

0
1076

တနင်္သာရီမြို့နယ်တွင် ယခုနှစ် ကျင်းပမည့် ရှေးဟောင်းရိုးရာနဂါးလှေလှော်ပွဲတွင် နဂါးလှေများ စာတမ်းဖတ်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။

“တနင်္သာရီမြို့နယ်အတွင်းမှ သိမီရသမျှသောနဂါးလှေတော်များ”စာတမ်းကို  ဖတ်ကြားမည်ဖြစ်ပြီး ယင်းစာတမ်း အစုံ ၃၀၀ ခန့်ကို လှေတော်သားများအား ပေးဝေသွားမည်ဖြစ်ကြောင်း စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့် တင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ပြောသည်။

“မြစ်ထဲမှာ စာတမ်းဖတ်ပြပြီးမှ ဝေပေးမယ်”ဟု ဦးသန်းစိုးဝင်းက ဆိုသည်။

ရိုးရာနဂါးလှေလှော်ပွဲတော်ကျင်းပရာတွင် တနင်္သာရီမြို့နယ်မှ ရွှေနန်းသာရီနှင့် ငွေနန်းသာရီ နဂါးလှေတော် များ၊ လယ်သစ်ကျေးရွာမှ မြကြီးအောင်၊ ရန်ကြီးအောင်၊ စိန်ပန်းသွယ်နှင့် ပတ္တမြားသွယ် နဂါးလှေတော်များ စသည့် နဂါးလှေတော် ၆ စီးပါဝင်မည်ဖြစ်သည်။

စာတမ်းတွင် အဆိုပါ နဂါးလှေတော် ၆ စီးအပါ အဝင် စုစုပေါင်း လှေတော် ၁၈ စီး အကြောင်းကို စာတမ်းပြုစု ထားကြောင်း ဦးသန်းစိုးဝင်းက ပြောသည်။

စာတမ်းအတွက် တနင်္သာရီမြို့နယ် အတွင်းရှိ ပဝရွာ၊ ဘန်းလမော့ရွာ၊ ရေပေါ်ရွာ၊ အောက်ကင်းရွာ စသည့် ကျေးရွာတို့မှ နဂါးလှေတော်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြုစုထားခြင်း ဖြစ်ကြောင်း ဦးသန်းစိုးဝင်းက ပြောသည်။

နဂါးလှေတော်များအား အစဉ်အလာ မပျက်ထိန်းသိမ်းထားသည့် လယ်သစ် ကျေးရွာမှ လှေသားများနှင့် ဦးစီး ဆရာတော်များအား ကျေးဇူးဆပ်သည့် အနေဖြင့်လည်းကောင်း၊ လူငယ်များအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအား ဆက်လက်ထိန်းသိမ်းချင်သည့်စိတ်များ ဖြစ်ပေါ်လာစေရန်လည်းကောင်း  စာတမ်း ပြုစုထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီမြို့၏ ရှေးဟောင်းရိုးရာ ဓလေ့တစ်ခုဖြစ်သည့် နဂါးလှေလှော် ပွဲတော်အား နှစ်စဉ် ချောင်းကြီးကျောင်း တိုက် ဘုံကထိန်ရက်ဖြစ်သည့် သီတင်းကျွတ်လပြည့်ကျော် ၄ ရက်တွင် ကျင်းပလေ့ရှိသည်။

Dawei Watch