မလတ်တောင်ပြိုမှုကြောင့် ထိခိုက်နစ်နာသူများကို နေရာချ အိမ်ဆောက်ပေးရန် စီစဉ်

0
463

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မလတ်တောင်ပြိုကျမှုကြောင့် ထိခိုက် နစ်နာသူများအား  နေရာအသစ်တစ်ခုတွင် နေရာချပေးပြီး အိမ်ပါဆောက်ပေးရန် ပြည်နယ်အစိုးရက စီစဉ်နေသည်။

တောင်ပြိုမှုဖြစ်သည့်နေရာမှ ရန်ကုန်သွားသည့်ဘက် သဲဖြူကုန်းကျေးရွာ ဘောလုံးကွင်းမရောက်မီ အောက်ဘက်ခြမ်းရှိ စားကျက်မြေနေရာပေါ်တွင် အောက်တိုဘာလဆန်းမှစကာအကွက် ဖော်လျက်ရှိသည်ဟု ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောသည်။

“မွန်ပြည်နယ်အစိုးရက အိမ်ပြိုသွား တဲ့လူတွေကို ၆၀ x ၈၀ မြေကွက်တွေကို နေရာချပေးဖို့ လုပ်နေပါတယ်။ လမ်းခင်း ပေးမယ်။ မီးသွယ်ပေးမယ်။ ရေမြောင်း ဖောက်ပေးမယ်။ ရေသွယ်နိုင်တဲ့အနေအထားဖြစ်အောင်လည်း လုပ်ပေးမယ်။ အိမ်ကိုလည်း သိန်း ၁၀၀ ဝန်းကျင်လောက်ထိ တည်ဆောက်ပေးဖို့ ရည်မှန်းထားတယ်။ လောလောဆယ်အကွက်ရိုက် တာတွေ လုပ်ဆောင်နေပါတယ်”ဟု ဦးဇော်ဇော်ထူးက ပြောသည်။

ပြည်နယ်အစိုးရက နေရာချပေးသည့်နေရာကို ပိုင်ဆိုင်မှုတရားဝင် ဖြစ်အောင်လည်း လုပ်ဆောင်ပေးမည်ဟု ၎င်းက ဆိုသည်။

ဒေသခံအများစုကမူ ပြည်နယ်အစိုးရမှ နေရာချပေးရန် စီစဉ်နေသည့် နေရာအသစ်ကို မပြောင်းရွှေ့လိုဘဲ ၎င်းတို့ နေထိုင်ခဲ့သည့်နေရာတွင်သာ နေထိုင်လိုသည်ဟု ဆိုကြသည်။

“အဲဒီနေရာကို (ပြည်နယ်အစိုးရက စီစဉ်ပေးသည့်နေရာ) ကျွန်မတို့ သွားမနေချင်ဘူး၊ ကျွန်မတို့ဆန္ဒကတော့ ဒီနေရာမှာပဲ ကိုယ့်အိမ် ကိုယ့်ခြံမှာပဲ ပြန်နေချင်ပါတယ်။ ဒီနေရာဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် နေမယ်” ဟု တောင်ပြိုမှုကြောင့် မိသားစုပါဆုံးရှုံးသွားသည့် ဒေါ်မိချိုက ပြောသည်။

သို့သော်လည်း သဘာဝဘေးဖြစ် သွားသည့်နေရာမှာ နိုင်ငံပိုင်မြေအဖြစ် ပြောင်းလဲသွားသည့်အတွက် ဒေသခံများ ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့ကြောင့် ဦးဇော်ဇော်ထူးက ပြောသည်။

တောင်ပြိုကျမှုကြောင့် နေအိမ်ပျက်စီးသွားသူများ လက်ရှိတွင် နီးစပ်ရာဆွေမျိုးအိမ်များတွင် နေနေရပြီး အခက်အခဲများစွာရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ်လ ၉ ရက်နေ့ နံနက် ၇ နာရီ အချိန်ခန့်တွင် သဲဖြူကုန်းကျေးရွာ၌ မလတ်တောင်ပြိုကျမှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၂၇ လုံးနှင့် ဘုန်းကြီးကျောင်းတစ် ကျောင်းပျက်စီးသွားပြီး လူ ၇၀ ကျော် သေဆုံးခဲ့သည်။

Dawei Watch