လူငယ်အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပြည်နယ်အစိုးရ ဘဏ္ဍာငွေမချပေး

0
463

မွန်ပြည်နယ်အတွင်းရှိ အနာဂတ်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များ၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာငွေ ချပေးထားခြင်းမရှိသေးကြောင်း သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မွန်ပြည်နယ် လူငယ်ရေးရာကော်မတီကို ၂၀၁၈ ခုနှစ် မတ်လခန့်က ဖွဲ့စည်း အတည်ပြုထားခဲ့သော်လည်း သက်ဆိုင်ရာ လူငယ်များ ကဏ္ဍအလိုက် လုပ်ငန်းများလုပ်ဆောင်နိုင်ရန် လက်ရှိအချိန် အထိ ဘဏ္ဍာငွေချပေးထားခြင်းမရှိကြောင်း ဦးအောင်ကျော်သူက ဆိုသည်။

“ကော်မတီဖွဲ့ပြီးတဲ့နောက်မှာ လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ပြည်နယ်အစိုးရက မြေနေရာချထားပေးတယ်။ ဒါပေမယ့် ခြံရှင်းတာတို့ ခြံစည်းရိုးကာတာတို့ အဆောက်အအုံဆောက်တာတို့ နောက်ပြီးတော့ Activities တွေအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက်ပေါ့။ လုပ်ငန်းတွေလုပ်ဖို့အတွက် ဘဏ္ဍာရန်ပုံငွေ ချပေး ထားခြင်းမရှိသေးဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါ ဘဏ္ဍာငွေချပေးထားခြင်း မရှိသည့်အပေါ် အောက်တိုဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက် အစည်းအဝေးတွင် ဦးအောင်ကျော်သူက ပြည်နယ်အစိုးရအဖွဲ့အနေနှင့် လူငယ်များ၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေ သုံးစွဲသွားရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းမေးမြန်းခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့က လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးထွန်းမင်းအောင်က ဘဏ္ဍာငွေ ထည့်သွင်းလျာထားသုံးစွဲသွားမည်ဖြစ်ကြောင်းနှင့် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး လုပ်ငန်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

Dawei Watch