ကိုယ်စားလှယ်များ လွှတ်တော်အစည်းအဝေးမတက်သည့်ကိစ္စ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ သတိပေး

0
501

လွှတ်တော်အစည်းအဝေးမတက်ဘဲ ရက်ရှည်ခွင့်ယူသည့်ကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဆင်ခြင်သင့်ကြောင်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက သတိပေးလိုက်သည်။

မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးသည် အမြဲတမ်း ကျင်းပနေသည့် အစည်းအဝေးမဟုတ်သည့်အတွက် ခွင့်ယူသည့်ကိစ္စနှင့် ပတ်သက်ပြီး ဆင်ခြင်သင့်သည်ဟု ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး အနှစ်ချုပ်အစီအစဉ်တွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက သတိ ပေးလိုက်ခြင်းဖြစ်သည်။

“မိမိသည် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်နေပါပြီ။ ထိုသို့သော အကြောင်းပြချက်နဲ့ ခွင့်ယူသင့်သလား မသင့်လားဆိုတာ မိမိကိုယ်တိုင် စဉ်းစားဆင်ခြင်စေချင်ပါတယ်”ဟု ဒေါ်တင်အိက ပြောသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၉ ရက်ကြာကျင်းပခဲ့ပြီး  မွန်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သည့် ကျိုက်ထို မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံသည် ကျန်းမာရေးအခြေအနေကြောင့်ဟုဆိုကာ ခွင့် ၇ ရက်ယူခဲ့သည်။

ထိုအတူ ယခင်ဝန်ကြီးချုပ်ဟောင်းဖြစ်သည့် ဘီးလင်းမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းဦး သည်လည်း ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ခွင့် ၇ ရက် ရယူခဲ့ကြောင်း မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိစစ်ရေးကော်မတီထံမှ သိရသည်။

“ကိုယ်စားလှယ်တွေ ခွင့်တိုင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒီဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်မှာပဲ ကန့်ကွက် မှုရှိခဲ့ဖူးတယ်။ အခုက လွှတ်တော်သက် တမ်းကလည်း ကုန်ခါနီးပြီ။ လွှတ်တော်မှာ အရေးကြီးအကြောင်းအရာတွေများ နေတော့ ခွင့်တိုင်တဲ့ကိစ္စက ပြဿနာ တစ်ရပ်အနေနဲ့ မဆွေးနွေးကြဘူး”ဟု သထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောသည်။

ဦးမင်းမင်းဦး ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်အချိန်က ဝန်ကြီးချုပ် ရက်ရှည်ခွင့်တိုင်သည့်ကိစ္စနှင့် ပတ်သက် ပြီး လွှတ်တော်ကိုယ်စားလှယ်များအကြား ဝေဖန်ပြောဆိုစရာဖြစ်ပွားခဲ့ဖူးသည်။

Dawei Watch