နောက်ဆုံး နေ့ရက်များ

0
1063

ဘိလပ် မဟာတန်း ကျောင်းသား – ၂၀

တက်္ကသိုလ်နောက်ဆုံးလများလည်း ဖြစ်သော ကျမ်းပြုချိန်များကို လမ်းသလားချိန်များနှင့် ချိန်ညှိရင်း လုပ်နိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် ထင်သလောက် မလွယ်လှပါ။

ပုံမှန်အားဖြင့် ကျမ်းပြုချိန်မှာ မေလ မှ သြဂုတ်လကုန် အထိ ဖြစ်သည်။ ဖြည်းဖြည်းမှန်မှန် ဖတ်မှတ် သုတေသနပြုပါက စာလုံးရေ ၁၅၀၀၀ ထက် မကျော်သော ကျမ်းတစ်စောင် အချိန်မီ ကောင်းစွာ ပြီးစီးနိုင်သော အချိန်ဖြစ်သည်။

သို့သော် ကိုယ်တွေက ဥရောပကို လမ်းသလားချင်သေး၊ အင်္ဂလန်တွင်လည်း ဟိုဟိုဒီဒီ လျှောက်သွားချင်သေး သဖြင့် နည်းနည်းတော့ အာရုံစိုက်လုပ်မှရမည်ဟု ကြိုတေးထားလိုက်သည်။

ထိုကြောင့်ပင် စောစောစီးစီး စာကြို ဖတ်ဖြစ်သည်။ သို့သော် သိသည့် အတိုင်း အစပိုင်းတော့ ဟုတ်သလိုလိုနှင့် နောက် တော့ အပျင်းကြီးရင်း၊ ခရီးသွားလမ်းသလား ရန်သာ အာရုံများရင်း အလုပ်မတွင်လှပါ။

ဇူလိုင်လတစ်လလုံးနီးပါး ဥရောပတောင်ပိုင်းနိုင်ငံအချို့ကို ခရီးသွားလိုက် သည်။ ဆွစ်ဇာလန်၊ အီတလီ၊ ပြင်သစ် တို့ကို ရက်အတော်ကြာ ခရီးသွားလိုက် သည်။ အင်္ဂလန် အအေးဒဏ်ကိုတော့ မခံရတော့။ ဥရောပတောင်ပိုင်းက ပိုနွေး ရာ နွေရာသီလည်း ဖြစ်သဖြင့် အတော်နေ လို့ကောင်းသည်။

ပြင်သစ်တောင်ပိုင်း ရာသီကား ကိုယ်တွေဆီက ရာသီနှင့် အကိုက်ဖြစ်သည်။ အီတလီအလယ်ပိုင်းရောက်သွား တော့ လယ်ကွင်းတွေ၊ ဘာအပင်မှန်းမသိသော သစ်ပင်တန်းတွေက မြန်မာပြည် အောက်ပိုင်းက မြင်ကွင်းပုံစံနှင့် အတော် တူလှသည်။ အီတလီကျေးလက်မှာ အင်္ဂလန်ကျေးလက်လို မဟုတ်လှပါ။ အင်္ဂလိပ်ကျေးလက်ပုံစံက အတန်ငယ် ကိန်းကြီးခန်းကြီးနိုင်ကာ သပ်သပ်ရပ်ရပ်လှပပြီး အီတလီကျေးလက်ပုံစံက လွတ် လွတ်လပ်လပ် ဖြစ်တည်နေပုံဖြစ်သည်။

ဆွစ်ဇာလန်ကတော့ သူ့ရဲ့ နာမည်ကြီး ကျေးလက်အလှကို ထိန်းထားနိုင်ဆဲ ဖြစ်သည်။ ဆောင်းတွင် နှင်းခဲနှင်းပြင်များနှင့် လှသကဲ့သို့ နွေတွင်လည်း တောပန်းများ မြက်ခင်းများဖြင့် သပ်ရပ်လှပခမ်းနား သည်။ အင်္ဂလန်ကျေးလက်ထက်ပင် သာပါသည်။ ဘဏ်လုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတို့ ဖြင့် နာမည်ကြီးသော ဆွစ်ဇာလန်မှာ သူ့တွင် ရှိသော သဘာဝအလှ၊ သဘာဝတရား၊ ရှေးကျသော ယဉ်ကျေးမှု ဓလေ့ ထုံးထမ်းတို့ကို အကုန်အကျခံထိန်းထားပြီး ဝင်ငွေများစွာရရှိအောင် စွမ်းဆောင် ထားနိုင်သည်။

ပုံမှန်အားဖြင့်တော့ ဇွန်၊ ဇူလိုင်လသည် ဥရောပတွင် နွေရာသီဖြစ်ပြီး ဆိုခဲ့ပါ အတိုင်းနေလို့ကောင်းသော ရာသီဖြစ် သည်။ သို့သော် ဇူလိုင်လအတွင်း ဥရောပတွင် အပူချိန်စံချိန်တင်ရာ အတော်ကို ပူသောရာသီ ဖြစ်သွားသည်။ ဇူလိုင်တတိယ အပတ်တွင် ပြင်သစ်တွင် အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်အထိ ရောက်သွားရာ အချို့ရက်များတွင် နေ့ခင်းဘက်တွင်ပင် အပြင်မထွက်လိုသည်အထိ ဖြစ်သွားသည်။

ခရီးသာသွားနေရာ စိတ်ကလည်း ခပ်ပူပူဖြစ်သည်။ စက်တင်ဘာလဆန်းတွင် ကျမ်းကို အပြီးတင်ရမည်ဖြစ်ရာ အချိန်က နှစ်လခန့်သာ ကျန်တော့သည်။

ထိုစဉ်တွင် ကံဆိုးချင်တာလား။ ကံပဲ ကောင်းချင်တာလားမသိ ကျန်းမာရေး ကိစ္စတစ်ခု ပေါ်လာသည်။

ခရီးသွားရင်း ပူလွန်းလို့ ထင်သည်။ မူလကတည်းက ရှိသောပါးရှိ အဆီကျိတ် သေးသေးကလေးမှာ ယောင်ကိုင်းပြီး ကြီးလာသည်။ နေပူပူထဲ လျှောက်သာ သွားနေသော်လည်း သိပ်တော့ သက်တောင့် သက်သာ မရှိလှ။ အဆီကျိတ်မှာ ကွမ်းသီး လုံးခန့်ရှိလာပြီး အတွင်းတွင် ပြည်များ ရှိလာသည်။ နေပူထဲထွက်လျှင် တစစ်စစ် ကိုက်လာသည်။

ခရီးသွားရင်းလည်း ဆေးခန်းပြဖို့က အခြေအနေ မပေးလှ။ ကိုယ့်ကျန်းမာရေး အာမခံက ဗြိတိန်တွင်သာ ရှိရာ ဆေးခန်း ပြပါကလည်း ပိုက်ဆံ အကုန်အကျများ မည်ကိုစိုးရသေးသည်။ ထိုသို့ဖြင့် ဘရစ်္စတို ပြန်ရောက်မှ တက်္ကသိုလ် ဆေးခန်းရက် ချိန်းကာ သွားပြရသည်။ ပုံမှန်အားဖြင့် ဆေးခန်းပြရက်ချိန်းရရန် ရက်ပေါင်းများ စွာ စောင့်ရသော်လည်း ထိုနေ့က ချက်ချင်းပင် ရက်ချိန်းပေးသည်။ ဆရာဝန်က အနာကို ကြည့်ကာ ဆေးရုံကို ချက်ချင်းသွားကုစေ သည်။ စာတစ်စောင်လည်း ရေးပေးလိုက်သည်။ စာအိတ်ပိတ်ထားသဖြင့် ဘာတွေ ရေးထားမှန်းတော့ မသိရ။ ဆေးရုံအရေး ပေါ်ဌာနတွင် မှတ်ပုံတင်ပြီးနောက် ဆရာဝန်နှင့် သူနာပြုများ တစ်ဦးပြီးတစ်ဦး လာစစ် ပြီးနောက် နောက်ဆုံး အကျိတ်အတွင်းမှ အနာပုတ်များကို စုတ်ထုတ်လိုက်သည်။

ထိုအကြောင်းပြချက်ကြောင့်ပင် ကျမ်းတင်ရမည့် နောက်ဆုံးရက် သက်တမ်းတိုးရန် ဆရာဝန်ထောက်ခံချက်ရသွား သည်။ ကျမ်းတင်ရန် နောက်ဆုံးရက်ကို အတန်းပိုင် ဆရာဟုဆိုနိုင်သော အတန်း ညွှန်ကြားရေးမှူးက သုံးပတ်သက်တမ်း တိုးပေးလိုက်သည်။

ထိုကြောင့်ပင် ကိုယ်ကကျမ်းရေးရန် ရက်နည်းသဖြင့် စိတ်ပူနေသော ကိစ္စတစ် ခုမှာ ကျန်းမာရေးကြောင့် အဆင်ပြေသွားသည်။

ကျမ်းတွင် အဓိကအားဖြင့် တွေ့ဆုံမေးမြန်းသည့် နည်းနာကို သုံးရာတွေ့ဆုံမေးမြန်းရန် ပုဂ်္ဂိုလ်များနှင့် ချိတ်ဆက်လိုက်၊ အွန်လိုင်းမှ အင်တာဗျူး လုပ်လိုက်ဖြင့် တဖြည်းဖြည်း အချိန်ကုန်သွားသည်။ သူတို့ကိုလည်း စောင့်၊ ကြားထဲ စာလေး နည်းနည်းပါးပါး (ဖတ်ဖြစ်သည်ဆိုယုံမျှ) ဖတ်ရင်းဖြင့် အင်္ဂလန် အရှေ့ပိုင်းနှင့် အလယ်ပိုင်းကို ခရီးသွားလိုက်သေးသည်။

သတင်းသမားအဖြစ် ၁၀ နှစ်ကျော် လုပ်ခဲ့သူမို့ အင်တာဗျူးရန် ပြဿနာ မရှိလှသော်လည်း အဝေးမှ အင်တာဗျူးရန် ချိန်းဆိုရန်ကား အတော်ပင် အခက်အခဲ ရှိလှသည်။ အထူးသဖြင့် အင်တာနက် အွန်လိုင်းနည်းပညာနှင့် မရင်းနှီးသူများကို တွေ့ဆုံရန် တွန်းအားပေးရသည်မှာအားနာစရာ ကောင်းလှသည်။ သူတို့ လည်း သူတို့ အလုပ်တွေ များလှသူများမို့ အပြစ်မဆိုသာ။ ကိုယ့်ကို အင်တာဗျူးပေး ရန်ကား သူတို့အတွက် မဖြစ်မနေ ဝတ္တရား မဟုတ်လှလေ။

ထိုသို့ဖြင့် အင်တာဗျူးရန် ပစ်မှတ်ထားသော လူပုဂ်္ဂိုလ် ခြောက်ဦးအနက် ငါးဦးက အင်တာဗျူးရန် အချိန်ပေးသည်။ ကျမ်းကြီးကြပ်ရေးဆရာမက သတ်မှတ် ထားသော ဦးရေအပြည့် မရသဖြင့် သိပ် မကျေနပ်လှသော်လည်း မတတ်နိုင်ပေ။ ရသမျှ အချိန်အတွင်းမှာ အကန့်အသတ် များဖြင့် လုပ်ရသည်ကိုး။

ကြားထဲတွင် အတန်းသား အချင်းချင်း ရှိသလောက်လူဦးရေဖြင့် စုစည်းကာ တစ်ပတ်တစ်ကြိမ်ခန့် စားသောက်လိုက်၊ ပြီးလျှင် စာပြန်ရေးကြဖြင့် ပျင်းစရာ ကောင်းသော ရာသီတွင် ပျင်းစရာကောင်း လှစွာ စာရေးသားခြင်း အမှုပြုရခြင်းကို ခန့်ခွဲနေရသည်။

စက်တင်ဘာလကတော့ နောက်ဆုံး ရထားသော အချက်အလက်များကို ပြန်စု ရေးရသည့် ကာလဖြစ်သည်။ နွေအကုန် ဆောင်းဦးကာလလည်း ဖြစ်ရာ တစ်ရက်ပြီး တစ်ရက် ပိုအေးလာသည်။ နွေတုန်းက စိမ်းလန်းစွာ ပွင့်ခဲ့သော သစ်ရွက်တို့လည်း တဖြည်းဖြည်း ဝါဖျော့လာကာ စတင်ကြွေသည့် အချိန်လည်း ဖြစ်သည်။

အိမ်ခန်းတွင် စာရေးလျှင် အလုပ် သိပ်မတွင်လှကား ကျောင်းကိုသာ အများအားဖြင့်သွားပြီး စာရေးဖြစ်သည်။ ပုံမှန်အားဖြင့်တော့ ကျောင်းကို နေ့လယ်စာ စားပြီးတော့မှ သွားဖြစ်သည်။ တစ်ခါတစ်ရံ ညနေစာ ထမင်းဘူးထည့်ကာ ည ၉ နာရီ၊ ၁၀ နာရီခန့်တွင် ပြန်ဖြစ်သည်။ ဖြစ်ချင်တော့ ကျောင်းတွင် စာသင်သည့် အတန်းများ ပိတ်ထားသည့် အချိန်လည်း ဖြစ်ခြင်း၊ ဘွဲ့ကြိုကျောင်းသားကျောင်းသူများလည်း ကျောင်းပိတ်ရာသီ အိမ်ပြန်ကြရာ ကျောင်းတွင် ခြောက်ကပ်ကပ်နိုင်လှသည်။ ကျမ်းပြုနေသော ဘွဲ့လွန်ကျောင်းသားများကို တော့ ခပ်စိပ်စိပ်တွေ့ရတတ်သေးသည်။

ကျောင်းတွင် ကျောင်းသားနည်းသော အချိန်လည်း ဖြစ်ရာ ကျောင်းတွင် တစ်နှစ်တစ်ကြိမ် အချို့သော ပြင်ဆင်မွမ်းမံမှုများပြုလုပ်တတ်သည်။ ယခုနှစ်တွင် ကိုယ်တွေ သုံးနေကြ ဝိဇ္ဇာနှင့် သိပ္ပံဌာန စာကြည့်တိုက်ကြီးရှိ အောက်ထပ်နှင့် ပထမထပ် နေရာအချို့ကို ပြန်ပြင်ရာ ယခင်လို လူရာချီ တစ်ပြိုင်တည်း စာလုပ်ရန် နေရာ မရှိတော့။ ငြမ်းဆင်ထားသော နေရာများ၊ အလုပ်သမားများကြောင့် လည်း အတန်ငယ် စိတ်အနှောင့်အယှက် ဖြစ်ရသဖြင့် အခြားနေရာသစ်ရှာရသည်။

ထိုမှပင် ကိုယ်နှင့် ကိုက်သော နေရာ သွားတွေ့သည်။ ဟော်သွန်အမည်ရ စာကြည့်ခန်း (ံတေအ့သမညျ ှအကိပ ဃနညအနမ) ဖြစ်သည်။ စာအုပ်ငှား၊ စာဖတ် နိုင်သည့် စာကြည့်တိုက်လိုမဟုတ်ဘဲ စာကြည့်ခန်း သီးသန့်နေရာဖြစ်သည်။ လူတစ်ရာခန့် တစ်ပြိုင်နက် စာကြည့် နိုင်ပြီး ရေနွေးလည်း အသင့်ရသည်။ စားစရာနွေးရန် နေရာလည်းရှိသည်။

ယခင်က စာဖတ်နေကြ စာကြည့် တိုက်တွင် ရေနွေးကြမ်းသောက်လိုပါက ဝယ်ရသည်။ ပူနွေးသော စားစရာလည်း စားခွင့်မပြု။ တခါခါ စာလုပ်ရင်း ဗိုက်ဆာလျှင် အေးစက်စက် အသားညှပ်ပေါင်မုန့် များသာ စားရရာ သိပ်တော့ မတင်းတိမ်လှ။ ထိုကြောင့် ထမင်းဘူးထည့်သွားရာ နွေးစရာရှိတော့ အဆင် သင့်လှသည်။ ယင်းအပြင် လက်ဖက်ရည် ကြမ်းကိုလည်း ဝယ်သောက်စရာမလို။ လက်ဖက်ခြောက်ထုပ်လေး အသင့်သယ် လာပါက အသင့်ရှိသည့် စတီးရေနွေးအိုး ကြီးထဲမှ ရေနွေးဖြင့် ထည့်သောက်ရုံဖြစ်သည်။

ထိုကြောင့် ဟော်သွန်စာကြည့်ခန်းကား အတော်အဆင်ပြေသော နေရာဖြစ် သွားသည်။ ကျောင်း နောက်ဆုံးရက်များတွင်မှ ကိုယ်နှင့် ကိုက်သော နေရာကိုတွေ့ သွားသည်။ အမှန်တကယ်တော့ ကျောင်းတွင်း ကိုယ်ဖြတ်သွားနေကြ သစ်တောလည်းတွင် ရှိသော်လည်း တစ်ခါမျှ အထဲမဝင်ကြည့် ဖြစ်ခဲ့သော စာကြည့်ခန်းဖြစ်သည်။ ကိုယ်တွေက စာအုပ်တွေနဲ့ စာကြည့်တိုက်တွင် စာဖတ်ရသည်ကို ပိုသဘောကျခဲ့သည် ကိုး။

တခါခါ မိုးရွာပြီး လေပါ ပါလာတတ် သော အင်္ဂလန်ဆောင်းဦးက ကိုယ်တွင်းရှိ မူရင်း အပျင်းစိတ်ကို ပိုပြီး မီးလောင်ရာ လေပင့်စေသည်။ တခါခါတစ်ရက် စာလုံးရေ ၅၀၀ ပြည့်အောင်ပင်မနည်း ရေးရသည်။ နောက်ပြီး ကိုယ်ရေးနေကျ မဟုတ်သော ပညာရပ်ဆိုင်ရာ စာရေးနည်း ပုံစံဖြင့်လည်း ရေးရရာ အတော်ပင် ဦးနှောက်စားလှသည်။

ထိုသို့ဖြင့် အပျင်းကြောများ ဆန့်ရင်း၊ အပျင်းစိတ်များကို ရသမျှ အနိုင်ယူ နှိပ်ကွပ်ရင်း ကျမ်းစာတမ်းမှာ အကြမ်းတော့ ပြီးသွားသည်။ တော်တော်ကိုတော့ အားမရလှပါ။ ကိုယ့်ဟာကိုယ် တတ်သမျှ မှတ်သမျှ ပညာရပ်ဆိုင်ရာ အသိ၊ တတ်သမျှ မှတ်သမျှ အင်္ဂလိပ်စာအရေးအသားကို ဖြစ်ညှစ်ရေးရသည်။ တွေးသမျှကို ထိထိ မိမိ ရေးနိုင်သော ဘာသာစကား ကျွမ်းကျင်မှုလည်း လိုအပ်ချက်ရှိရာ အတော်ကို စိတ်ပင်ပန်းလှသည်။ မြန်မာလိုပင် ချရေးလိုက်ချင်တော့သည်။

စာတမ်းအကြမ်းပြီးတော့ ကျမ်း ကြီးကြပ်ရေး ဆရာမဆီ ပို့လိုက်သည်။ သုံးလေးရက်ခန့်ကြာပြီးနောက် သူ့ကို သွားတွေ့ရသည်။ ကောင်းသော အချက်အချို့ကို သူကထောက်ပြရင်း အားပေးစကား ပြောသော်လည်း အားမရကြောင်း ပွင့်ပွင့်လင်းလင်းပင် ပြောပါသည်။

အထူးသဖြင့် ပညာရပ်ဆိုင်ရာ ကျမ်းရေးသားပုံမဟုတ်ဘဲ သတင်းစာသမားဟန် အရေးအသား ဖြစ်နေကြောင်း ထောက်ပြသည်။ ကျမ်း၏ အချို့နေရာများကို ပုံစံပြန်ပြောင်းရသည်။ အခန်း ပြန်ခွဲရသည်။ အချိတ်အဆက်မိအောင် ပြန်ရေးရသည်။ နောက်ဆုံး အချောကို ကြီးကြပ်ရေးဆရာမက အကြမ်းဖျင်း ပြန်ဖတ်ပေးသည်။

နောက်ဆုံးတော့ စက်တင်ဘာ လကုန်ရက်တွင် ကျမ်းတင်လိုက်နိုင်သည်။ အားမရလှသော်လည်း မတတ်နိုင်။ သုံးလေးလအတွင်း ကိုယ့်စိတ်ကို ကောင်းစွာ မစီမံနိုင်။ လမ်းသလားချိန်နှင့် စာဖတ်ကျမ်းရေးချိန်ကို ကောင်းစွာ မစီမံနိုင်ခဲ့သော ရလဒ်ဖြစ်သည်။

တကယ်တော့ ကျမ်းတင်လိုက်နိုင်ပါက စိတ်ထဲ ကျေနပ်ပျော်ရွင် လွတ်လပ်သွားရမည်ဖြစ်သော်လည်း စိတ်ထဲ လေးလံကာ ကျန်ခဲ့သည်။ ဘာတွေ ဖြစ်ဦး မည်မသိ။ ကျမ်းစစ်ဆေး အကဲဖြတ်သူများ ကျေနပ်လောက်သော အခြေအနေ ရှိပါ၏လော။

တိုက်ဆိုင်စွာပင် ထိုရက်ပိုင်းက ဘရစ္စတိုတွင် တစ်ချိန်လုံး မှုန်မှိုင်းကာ တစ်ခါခါ မိုးရွာနေတတ်သည်။ ဆောင်းဦး ပေါက်လေက တော်တော်အေးသည်။ နေရထိုင်ရ သက်သောင့်သက်သာ မရှိလှ။ တစ်ချိန်လုံး ကွေးနေချင်သော ရာသီဥတုပင်။

သို့သော် ထိုသိုကွေးနေနိုင်သော အခြေအနေကား မပေးလှပါ။ အိမ်ပြန် ချိန်ကား နီးပြီလေ။ ကျမ်းတင်ပြီးနောက် သုံးရက်အကြာတွင်ပင် အိမ်ပြန်ရတော့မည် မဟုတ်ပါလော။

ဖစု