ပင်လယ်ကမ်းက မခတ္တာ

0
1583

ယအခင္အပတ္မွ အဆက္

ခတ္တာတို့ မိသားစု တစ်ခုတည်း ဒီလို ဒုက္ခနဲ့ ကြုံတာတော့ မဟုတ်ပါဘူး။ တံငါသည်တော်တော်များများက ဒိုင် အကြွေးနဲ့ မကင်းကြဘူးလေ။ ခတ္တာ အိပ်မက်တွေထဲမှာတော့ အစိုးရက ခတ္တာတို့ တံငါလေးတွေကို အတိုးနှုန်းနည်းနည်းနဲ့ လိုအပ်တဲ့ ချေးငွေတွေချေးပေးတယ်။ လှေတွေကသူ့နေရာနဲ့သူ စည်းကမ်းတကျ ဖမ်းနေကြတယ်။ ရလာတဲ့ ငါးတွေကို ဒိုင် တွေက သူ့ထက်ငါဈေးပိုပေးပြီး အပြိုင် အဆိုင် အလုအယက်ဝယ်နေတဲ့ ဈေးကြီး တစ်ခုထဲမှာ တံငါတွေက အမြင့်ဆုံးဈေး ပေးတဲ့သူကို ရောင်းကြပြီး ပျော်ရွှင်နေကြတယ်လို့ ခဏခဏ မက်တယ်။ အိပ်မက် တွေများ တကယ်ဖြစ်လာရင် သိပ်ကောင်း မှာပဲလို့ ခတ္တာတွေးမိတယ်။

မိသားစု ဝင်ငွေကြောင့်ပဲ ခတ္တာ ၉ တန်း ဒုတိယအပတ် အစမ်းစာမေးပွဲ အပြီးမှာ ကျောင်းဆက်မတက်နိုင်တော့ဘဲ မိသားစုအတွက် အလုပ်ထွက်လုပ်ခဲ့ရ တယ်။ ဖေဖေကတော့ “သမီးရေ…နောက် နှစ်ကျရင် ဆက်နေပေါ့”တဲ့။ စိတ်မကောင်းစွာနဲ့ သူပြောခဲ့တယ်။ အားပေးရှာပါ တယ်။ ခတ္တာ ငါးဒိုင်တွေမှာ ငါးရွေး၊ ငါးကိုင် တောက်တိုမယ်ရ လုပ်ရတာပေါ့။ ငွေသိပ်များများစားစားမရပေမဲ့လို့ မိသားစု အတွက် အထောက်အပံ့တစ်ခုခုတော့ ဖြစ်တာပေါ့။

နောက်တော့ ဖေဖေက သူနဲ့ဆွေမကင်း မျိုးမကင်းထဲက ကိုသက်ဇော် ဆိုတဲ့သူကို အိမ်မှာခေါ်ထားပြီး သူနဲ့အတူ ပင်လယ် ထွက်တယ်။ ခတ္တာအစ်မထက် နည်းနည်း ပဲငယ်တဲ့ ကိုသက်ဇော်ဟာ မိသားစုဝင် တစ်ယောက်လို ဖြစ်လာတယ်။ တဖြည်း ဖြည်း လုပ်ငန်းကျွမ်းကျင်လာတော့ ကိုသက်ဇော်ဟာ ဖေဖေအားထား ရတဲ့သူ ဖြစ်လာတယ်။

ဒီလိုနဲ့ ခတ္တာကျောင်း ဆက်မတက် ဖြစ်တော့ဘူး။ ကျောင်းနေအရွယ်ရောက် လာတဲ့ ညီမလေးတွေအတွက် ခတ္တာလို ပညာရေးဘက်မှာ မျက်နှာမငယ်ရအောင် ခတ္တာအလုပ်ကြိုးစားတယ်။

တစ်နေ့ ခတ္တာအလုပ်က ပြန်လာတော့ အိမ်မှာ စိတ်ပျက်လက်ပျက်ထိုင် နေတဲ့ အဖေနဲ့ ကိုသက်ဇော်ကို တွေ့လိုက် ရတယ်။ “အဖေ ..ဒီနေ့စောလှချည်လား”

“အင်း … ပိုက်တွေ…”

“ဝါလတ်ဆွဲဖြတ်သွားပြန်ပြီလား”

ကျွန်မစိုးရိမ်တကြီးမေးမိတယ်။ ဖေဖေက မဖြေဘဲ အဝေးကို ငေးနေတယ်။

“ဟုတ်တယ် ခတ္တာ။ ၆ လက်မကွက် ၁၅ ပိုင်း လောက် ပါသွားတယ်။”

ကိုသက်ဇော်က စိတ်ပျက်လက်ပျက် နဲ့ ပြန်ဖြေတယ်။ သွားပြီ။ ငွေ ၁၀ သိန်း လောက် ဆုံးသွားပြန်ပြီ။ ဒီနှစ် ဒါနဲ့ဆို သုံးခါရှိတိတိရှိပြီ။ လှေကြီးတွေဆွဲဖြတ်လို့ ပိုက်ဆုံးတာ။ ဒိုင်က ဒီလောက်ငွေပမာဏ ကို ထပ်ထုတ်ပေးပါ့ဦးမလား။ ပြီးတော့ ဒီလိုပိုက်ဆုံးသွားလို့ ဒိုင်မှာ ခတ္တာတို့ငွေယူ နေရတာများပြီ။ ခတ္တာတို့မှာ စုမိတာဆိုလို့ အကြွေးတွေပဲ ရှိတယ်။

“ဖေဖေတို့ ငါးမရလို့ ဝေးဝေးမှာ ပိုက်သွားပစ်တာလား”

“ခတ္တာရယ်… တို့လှေလေးက သိပ် ဝေးဝေးမှ မသွားနိုင်တာ။ သွားနေကျနေ ရာမှာပဲ ထောင်ထားတာပဲ။ ဒီဝါလတ်လှေ ကြီးတွေပဲ ကမ်းနားကိုလာလာပြီး ဝင်ဆွဲ နေကြတာ”

“ဖေဖေတို့ ဒီအတိုင်း ခေါင်းငုံ့ခံလာ တာလား။ အလျော်တောင်းရမှာပေါ့။ ကမ်းဝေးလှေဆို ကမ်းနဲ့ ၁၀ မိုင်ကွာ အပြင်မှာပဲ ဖမ်းရမှာဆို။ သူတို့မှားနေတာ အသိသာကြီး။” ခတ္တာဒေါသနဲ့ ပြောမိ တယ်။

“ဘယ်လှေ လက်ချက်လဲဆိုတာ သိရင် ငါတို့တိုင်လို့ ရသေးတာပေါ့။ အခု က ဒီကောင်တွေ ကမ်းနီးမှာ ဝင်ဆွဲတော့ လှေနာမည်တွေ စာလုံးတွေ နံပါတ်တွေကို ဖုံးထားတာ။ ပြီးတော့ သူတို့ကလှေကြီး စက်ကြီးနဲ့ လူအုပ်တောင့်တယ်။ ငါတို့က လူလေးနှစ်ယောက်နဲ့ လှေငယ်လေး။ ပြဿနာတက်ရင် ငါတို့ပဲခံရမှာ။ ပင်လယ် ထဲ ငါတို့လှေကို လက်စဖျောက်လိုက်လို့ ဘယ်သူမှ သိမှာမဟုတ်ဘူး။ ဥပဒေက စာရွက်ပေါ်မှာပဲရှိတာ”

ဖေဖေကတော့ သူ့အတွေ့အကြုံကို အခြေခံတဲ့ ခံစားချက်တွေနဲ့ ခတ္တာကို ချေပတယ်။ အဲဒီနေ့ကတော့ ခတ္တာတို့မိသားစု အတွက် တကယ့်ငရဲလိုပါပဲ။ မေမေနဲ့ အစ်မဆို ထမင်းတောင် မစားနိုင်ဘဲ တမှိုင် မှိုင်နဲ့ မျက်ရည်ကျတယ်။ တစ်ခါမှ မူးအောင် မသောက်တတ်တဲ့ ဖေဖေတောင်မှ အဲဒီ နေ့က အရက်တွေ တအားမူးပြီး လမ်းတောင် မလျှောက်နိုင်တော့လို့ ကိုသက်ဇော်က ဖေဖေ့ကို အိမ်အရောက် တွယ်ခေါ်ခဲ့ရ တယ်။ ၆ လက်မပိုက် စုစုပေါင်းမှ ပိုင်း ၂၀ လောက်ပဲတတ်နိုင်တဲ့ ခတ္တာတို့ မိသားစုလေးအတွက် ဒီဆုံးရှုံးမှုက ကြီးပါ တယ်။

နောက်တစ်နေ့ကျတော့ ထိုင်းရောက်နေတဲ့ အစ်ကို့ဆီဆက်သွယ်ဖို့ ခတ္တာ ကြိုးစားတာ အဆင်ပြေသွားတယ်။ ရွာထဲက အစ်ကို့ သူငယ်ချင်းတစ်ယောက် က ကူညီပေးတာပါ။ အစ်ကိုနဲ့ ဖုန်းပြော ဖြစ်ခဲ့ပါတယ်။ ခတ်္တာအစ်ကိုကို့ မိသားစု အကြောင်း ရွာအကြောင်း အတိုချုံး ပြောပြ ဖြစ်တယ်။ ပြီးတော့ ဒိုင်အကြွေးကိစ်္စ၊ ပိုက်တွေဆွဲဖြတ်ခံရတဲ့ အကြောင်းနဲ့ ငွေလိုတဲ့ အကြောင်း ပြောခဲ့တယ်။

အစ်ကိုကတော့ သက်ပြင်းရှည်ချပြီး

“ခတ္တာရယ်.. လောလောဆယ်တော့ အစ်ကို့လက်ထဲမှာ ငွေသိပ်မရှိသေးဘူး။ နောက်တစ်ပတ်ကျရင် အစ်ကိုရှာပြီး ငါးသိန်းလောက်ပို့လိုက်မယ်။”

“ဝမ်းသာလိုက်တာ အစ်ကိုရယ် ကျေးဇူးတင်လိုက်တာ။ ဒါနဲ့ အစ်ကို အခု ဘာအလုပ်လုပ်နေလဲဟင်”

“ကမ်းခြေတစ်ခုနားက တည်းခိုခန်းမှာ တောက်တိုမယ်ရပေါ့ဟာ။ ငါ ထိုင်း စကား တော်တော်လေးရလာလို့ အလုပ်က အဆင်ပြေပါတယ်”

ပြီးတော့ အစ်ကိုက ဆက်ပြောပြန်တယ်။

“ခတ္တာ…နင်နဲ့ ခရေတို့နှစ်ယောက် ငါ့ဆီလာပါလား။ ဒီမှာ အလုပ်ပေါတယ် ဟ။ ငါတို့သုံးယောက်ဆို လခတွေစုပြီး အကြွေးဆပ်နိုင်မှာ၊ မေမေတို့ ဖေဖေတို့ လည်း လူလူသူသူနေနိုင်မှာ”

“အို…အစ်ကိုကလည်း…သူများ နိုင်ငံမှာတော့ ကျွန်မခံချင်ပါဘူး”

ဘာရယ်လို့မဟုတ်ပေမဲ့ ခတ္တာ လွှတ်ခနဲ ပြောမိလိုက်တယ်။ အစ်ကို ခဏလောက်တော့ အသံတိတ်သွားတယ်။ ပြီးမှဒေါသသံနဲ့ “အေး…ဟုတ်တယ် ခတ္တာ ငါသူများနိုင်ငံမှာ ကျွန်ခံတာ လူလူ သူသူနေရတယ်။ စားရတယ်။ ဝတ်ရ တယ်။ ရွာမှာလို မပင်ပန်းဘူး။ သိပ်မများ ပေမဲ့ ငါတစ်ယောက် စားဖို့သောက်ဖို့ အတွက်ထက် ပိုတဲ့ငွေရတယ်။ ရွာမှာရော နင်တို့ ဘာထူးလို့လဲ။ ပင်လယ်မှာ အနိုင် ကျင့်ခံရ။ ဒိုင်တွေမှာ နင်တို့ကျွန်ခံနေရ တာ။ နင်တို့ကို အကြွေးနဲ့ ချည်ထားပြီး နင်တို့ အသက်နဲ့ ချွေးနဲ့ ရင်းပြီး လုပ်လို့ ရသမျှ သူတို့ တိုက်ဆောက်၊ ကားစီးဖို့ပဲ။ နင်တို့ ဒီလောက် အပင်ပန်းခံလည်း လူနဲ့သူနဲ့တူလာမှာ မဟုတ်ဘူး။ စားဖို့ တောင် အနိုင်နိုင်ရယ်။ ဒီမှာ ခတ္တာ… ငါ နင့်လို စာသိပ်မတတ်ပေမဲ့ ဒီလောက်တော့ စဉ်းစားတတ်တယ်…”

အစ်ကို ဒေါသတကြီးနဲ့ ဖုန်းချသွားခဲ့တယ်။ အစ်ကိုဒေါသထွက်ပြီးငွေ မပို့ တော့မှာကို ခတ္တာစိုးရိမ်ခဲ့မိပေမဲ့ အစ်ကို ကတိတည်ခဲ့တယ်။ သူ့သူငယ်ချင်းက တစ်ဆင့် ခတ္တာဆီငွေ ၅ သိန်းပို့ခဲ့တယ်။ ငွေရတော့မှပဲ အိမ်ကို အစ်ကိုနဲ့ ဖုန်းပြော ဖြစ်ကြောင်းတွေ ပြောပြဖြစ်တယ်။ အကုန် တော့ မဟုတ်ဘူးပေါ့လေ။ ဖေဖေကတော့ ငွေနဲ့ ပတ်သက်လို့ ဘာမှ မပြောပေမဲ့ ခတ္တာကို အစ်ကိုနဲ့ နောင်မဆက်သွယ်ဖို့ ပြောပါတယ်။ ကိုယ်လွတ်ရုန်းတဲ့ကောင် ဆိုပြီးတော့လည်း နာနာကြည်းကြည်း ပြောပါသေးတယ်။

အစ်ကိုပို့လိုက်တဲ့ ငွေရယ်၊ ဒိုင်မှာ ငွေ ၅ သိန်းလောက်ထပ်ယူပြီး ပိုက်တွေ ပြန်ဝယ်ဖို့ လုပ်ရတယ်။ ပိုက်များများ ဝယ်နိုင်မှ တော်ကာ ကျမှာပါ။ အခုချိန်မှာ ခတ္တာတို့ရွာမှာ လှေတွေလည်း များလာတယ်။ လှေကြီးတွေ ဒရွတ်ဆွဲပိုက်တွေနဲ့ ကမ်းနီးမှာ ဝင်ဆွဲတာတွေ မီးထွန်းလှေ တွေကလည်း များလာတာတွေ ဒါတွေ ကြောင့် ငါးတွေ ရှားရှားလာတယ်လို့ ခတ္တာ ထင်တယ်။ ပိုက်တန်းတွေ အရှည်ကြီး များများထောင်တာတောင်မှ တစ်ခါတလေ ငါးက ထင်သလောက် မမိဘူး။ တချို့ရက်တွေဆို စက်ဆီဖိုး ကုန်တာပဲ အဖတ်တင်တယ်။ ဒါကြောင့် ခတ္တာ ဦးရှင်ကြီးတင်တိုင်း၊ ရွာပိုင်ဘိုးဘိုးဆီပွဲဆက်တိုင်းဆုတောင်းတယ်။ ဘိုးဘိုးရယ် ခတ္တာတို့ မရှိဆင်းရဲသားတွေ ကို များများမစပါ။ ဥပက္ခောမပြုထားပါနဲ့။ ရေငန်တရိုးမှာ ဘိုးဘိုးသာ အာဏာစိုး တာမို့ မတော်မတရား အနိုင်ကျင့်တဲ့ လှေကြီးတွေကို ဒဏ်ခတ်ပါ။ တရားတဲ့ အတိုင်းသာ ဖြစ်ပါစေ လို့ပေါ့။ ဒါပေမယ့် လည်း ခတ္တာအားငယ်မိတယ်။ လှေကြီး တွေက ဓနတောင့်တော့ ဘိုးဘိုးဦးရှင်ကြီးကို ခတ္တာတို့ထက် အများကြီးပူဇော်ပသ နိုင်တယ်ဆိုတော့ ဘိုးဘိုးက ခတ္တာတို့ကို မျက်နှာသာပေးပါ့မလား၊ မ ပါ့မလား လို့လည်း မဝံ့မရဲ သံသယဖြစ်မိတယ်။

ဒိုင်ကို အကျိုးအကြောင်းပြောပြပြီး ငွေထပ်ယူတော့ ဒိုင်က ရှောရှောရှူရှူနဲ့ ငွေထုတ်ပေးပါတယ်။ ဒါပေမဲ့ ဒိုင်က တင်နေတဲ့ ခတ္တာတို့ အကြွေး မကြာခင် သိန်း ၄၀ ပြည့်တော့မယ်ဆိုတဲ့အကြောင်း၊ သိန်း ၄၀ ထက် ပိုပြီး မထုတ်ပေးနိုင်တော့ကြောင်း ပြောပြပြီး ငါးပုံမှန်များများသွင်း နိုင်အောင်ကြိုးစားဖို့ တိုက်တွန်းပါတယ်။ ဒိုင်က ဒီလိုပြောတော့ ကျွန်မအစ်ကို ပြောခဲ့တဲ့ စကားတွေကို ပြန်သတိရမိတယ်။ အစ်ကိုရေ ခတ္တာတို့ကတော့ ကိုယ့်လည် ပင်းက ကြိုးကွင်းကို ကိုယ့်ဘာသာကိုယ် ဆွဲတင်းနေမိသလိုများ ဖြစ်နေပြီလားမသိ ဘူးနော်။

ခတ်္တာနောင်တရတဲ့ အထဲမှာ အစ်ကို ခေါ်တုန်းက ခတ္တာအစ်ကို့ဆီ လိုက်မသွား ဖြစ်တာလည်း ပါတယ်။ နောင်တဆိုတာ နှောင်းသွားမှ ပြန်တနေရတာမျိုးထင်ပါရဲ့။ တကယ်လို့သာ ခတ္တာ အစ်ကို့စကား နားထောင်ခဲ့ရင် အခုလက်ရှိ ခတ္တာဘဝထက် ပိုကောင်းတဲ့ ဘဝအခြေအနေလေးတစ်ခု ရနိုင်ကောင်းရဲ့လို့ မရေမရာတွေးမိတယ်။ ခတ္တာ ကျောင်းထွက်ပြီး နှစ်နှစ်လောက် ကြာတော့ အဖေနဲ့အတူ ပင်လယ်ထွက် နေတဲ့ ကိုသက်ဇော်နဲ့ ခတ္တာရည်ငံမိတယ်။ အိုးချင်းချင်း ကြိုးချင်းချင်း ထိကြငြိကြတဲ့ သဘောထင်ပါ့။ ဒီလိုနဲ့ ခတ္တာ အသက် ၁၈နှစ်မပြည့်ခင်လေးမှာပဲ ကိုသက်ဇော်နဲ့ ခိုးရာလိုက်ပြေးခဲ့တယ်။ ကုန်ကျစရိတ် များတဲ့ တင့်တင့်တယ်တယ် မင်္ဂလာ ဆောင်ပွဲ လုပ်ဖို့ဆိုတာ တစ်ကောင်ကြွက် ဖြစ်တဲ့ ကိုသက်ဇော်နဲ့ နွမ်းပါးလှတဲ့ ခတ္တာတို့ အတွက်တော့ စိတ်ကူးယဉ် သက်သက်ပဲ။ လက်တွေ့မှာတော့ ဖေဖေကပဲဦး ဆောင်ပြီး ခတ်္တာတို့ကို ပြန်ခေါ်၊ လူကြီး စုံရာနဲ့လက်မှတ်ထိုး၊ ရှေ့ခုနစ်အိမ်နောက် ခုနစ်အိမ် လက်ဖက်ရည်တိုက်၊ ဘုန်းကြီး ကျောင်းဆွမ်းပို့ပြီး ခတ္တာတို့ အရပ်အသိ အမှတ်ပြု အကြင်လင်မယားမြောက် ခဲ့တာပါပဲ။

နောက်တော့ ကိုသက်ဇော်နဲ့ ခတ္တာတို့ ဖေဖေတို့ အိမ်နဲ့ ခပ်လှမ်းလှမ်းမှာ သီးသန့်တဲလေးထိုးပြီး အိမ်ခွဲနေလိုက် ကြတယ်။ ဖေဖေနဲ့ ကိုသက်ဇော်ကတော့ အတူတူ ငါးဖမ်းထွက်ကြမြဲ ဖြစ်ပေမဲ့ ဖေဖေက ခတ္တာတို့အတွက် လက်ဖွဲ့ သဘောမျိုး ပိုက်တွဲ အဖြစ်ခွဲပေးတယ်။ လှေပိုင်မရှိတဲ့ ခတ္တာတို့က ဖေဖေလှေမှာ ပိုက်တွဲတဲ့ သဘော။ ခတ္တာတို့မှာ ပိုက် ၁၀ ဖုံရှိမယ်။ ဖေဖေ့မှာလည်း ပိုက်တွေရှိမယ်။ ဖေဖေနဲ့ ကိုသက်ဇော်က လှေ တစ်စီတည်းထွက် ပိုက်အတူတူထောင် ကြတယ်။ ကိုယ့်ပိုက်မှာ မိတဲ့ငါး ကိုယ်ယူ ကြတာပေါ့။ ဒါပေမဲ့ လှေရဲ့ဆီဖိုး၊ ရေခဲဖိုး စတဲ့ စရိတ်တွေကိုမျှဝေခံ ကြတဲ့ စနစ် မျိုးပေါ့။ အချင်းချင်း အမှီသဟဲ ပြုနေကြ တာပဲ။

မကြာခင်မှာပဲ ခတ္တာကိုယ်ဝန်ရှိလာ ခဲ့တယ်။ ရင်သွေးလေး လွယ်ထားရတယ် အသိနဲ့တင် ခတ္တာ ပျော်ရတယ်။ စိတ်လှုပ် ရှားရတယ်။ ခတ္တာ အသက် ၂၀ မပြည့်ခင် လေးမှာ ခတ္တာမိခင်တစ်ယောက်ဖြစ်နေခဲ့ ပြီလေ။ ခတ္တာတို့ တံငါတဲစုလေးမှာ ခတ္တာ အရွယ်ထက်ငယ်တဲ့ မိခင်တွေအများ ကြီးပေါ့။ ခတ္တာလေ သမီးဦးလေးကို ချစ်လွန်းလို့ ပင်လယ်ရဲ့ ရတနာ ဖြစ်တဲ့ ပုလဲဆိုတဲ့ နာမည်လေး မှည့်လိုက်တယ်။ ကြာသပတေးသမီးမို့ နေနံလည်းသင့် အောင်လေ။ အခုတော့ သမီးလေးတောင် ဒုတိယ တန်းရောက်နေပြီ။ ခတ္တာလေ ညီမလေးတွေနဲ့ မောင်ထွေးလေးကို အချိန်ပြည့် မစောင့်ရှောက်နိုင်ပေမဲ့ သမီးလေးကိုတော့ ခတ္တာလိုမဖြစ်အောင် ပညာတတ်ဘွဲ့ရဖြစ်အောင် ပံ့ပိုးဖို့ ခတ္တာ စိတ်ကူးထားတယ်။ ဒါပေမဲ့လည်း ဒီစိတ်ကူး ဆုံးဖြတ်ချက်တွေက တဖြည်းဖြည်းနဲ့ ခတ္တာအတွက် အရောင်မှိန်လာတယ်။

ဒီနှစ်ဒုတိယတန်းမှာ သမီးလေးကို ကျောင်း ဝတ်စုံ အသစ်လေး မဝယ်ပေး နိုင်သေးဘူး။ ကျောင်းဖွင့်တဲ့ အချိန်က ငါးမဖမ်းရ ရာသီဖြစ်သလို ရာသီဥတုကလည်း မိုးလေထန်တယ်လေ။ နှစ်တိုင်းဆို ငါးမဖမ်းရရာသီ ဖြစ်ပေမဲ့ ရာသီဥတုက မျက်နှာသာပေးရင် ပေးသလို ထွက်ဖမ်း လို့ရတယ်။ ဒီနှစ်ကတော့ ဆိုင်ရာက လှေကြီးတွေကို ငါးမဖမ်းရရာသီမှာ ငါးလုံး၀ မဖမ်းဖို့ တင်းကျပ်ထားလို့ လှေငယ်တွေလည်း သိပ်မထွက်ရဲ။ ဒီအချိန်ဆို ခတ္တာတို့လည်း ကျပ်တည်း တယ်။ ဖေဖေတို့ရော တံငါတွေ အကုန် နီးပါးရော ကျပ်တည်းကြတယ်။ နောင် နှစ်တွေမှာ ငါးမဖမ်းရ ရာသီ ရောက်ရင် ဘယ်လှေမှ မဖမ်းရဘူးလို့ ဆိုင်ရာက တင်းတင်းကျပ်ကျပ်ကိုင်ရင် ခတ္တာတို့ အဲဒီ အချိန်ဘယ်လို လုပ်ရမလဲလို့ စဉ်းစားနေမိတယ်။ ဒီငါးလုပ်ငန်းကလွဲလို့ ခတ္တာလုပ်တတ်တာ ဘာမှမရှိဘူးလေ။

ပွက်ပွက်ဆူလာတဲ့ ထမင်းအိုးကို ဝါးယောက်မလေးနဲ့မွှေပြီး ဆန်ကို စမ်းတယ်။ ထမင်းရည် ငှဲ့တယ်။ ပြီးတော့ မီးလေးလျှော့ပြီး ထမင်းအိုးကိုနှပ်ထား လိုက်တယ်။ ပြီးတော့ ခတ္တာတစ်ယောက် ဆက်တွေးနေပုံပါပဲ။ သူရဲ့ သိပ်မလှတဲ့ အတိတ်အကြောင်းကို ဖြစ်ဖြစ်၊ မီးစင် ကြည့်ကနေရတဲ့ ပစ္စုပ္ပန် အကြောင်းတွေ ဖြစ်ဖြစ်၊ ဘာမှမရေရာတဲ့ အနာဂတ်မှာ သူဖြစ်ချင်တဲ့ ဆန္ဒမှိန်မှိန်တွေ အကြောင်းကို ပဲဖြစ်ဖြစ် ဉာဏ်မီသလောက်ဆက် တွေးနေမိပုံပါပဲ။

ကောင်းနေအောင်