တနင်္သာရီတိုင်းမြေယာခွန်ဥပဒေ တိုင်းလွှတ်တော်အတည်ပြု

0
618

တနင်္သာရီတိုင်းအစိုးရအဖွဲ့က တင်သွင်းသော တနင်္သာရီတိုင်း မြေယာခွန်ဥပဒေကို တနင်္သာရီတိုင်း လွှတ်တော် က အောက်တိုဘာလ ၁ ရက်နေ့တွင် အတည်ပြုလိုက်သည်။

ယင်းမြေယာခွန်ဥပဒေကို ခေတ်နှင့် လျော်ညီခြင်းမရှိတော့သည့် စိုက်ပျိုး မြေများ၏ အခွန်အခများကို စနစ်တကျ ပြင်ဆင်ကောက်ခံနိုင်ရန်၊ တိုင်းအတွင်းရှိ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း ယင်းဥပဒေတွင် ဖော်ပြထားသည်။

ယင်းဥပဒေအရ ကောက်ခံသော အခွန်အခများသည် ပြည်ထောင်စုအစိုးရ ကို ပေးသွင်းရန်မလိုအပ်ဘဲ တိုင်းအစိုးရ မှ အပြည့်အ၀ စီမံခွင့်ရှိကြောင်း တိုင်းလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက ပြောသည်။

“အခွန်ဘယ်ရွေ့ဘယ်မျှတိုးကောက် မယ်ဆိုတာကတော့ ပြည်ထောင်စုကပဲ ဆုံးဖြတ်မှာ။ တိုင်းနဲ့ပြည်နယ်အသီးသီး က ဒီဥပဒေကို တင်လိုက်လို့ရှိရင် ပြည်ထောင်စုကနေပြီး ဘယ်တိုင်း ကတော့ ဘယ်လောက်နှုန်းထားဖြစ်သင့် တယ်ဆိုပြီးတော့ လာမှာပေါ့နော်”ဟု ဦးဗိုလ်ထွေးက ပြောသည်။

ယင်းဥပဒေပြဋ္ဌာန်းခြင်းဖြင့် တိုင်း အတွင်းရှိ မြေယာစာရင်းများကို တိတိကျကျသိရှိနိုင်မည်ဖြစ်ပြီး ခေတ်နှင့် လျှော်ညီခြင်း မရှိတော့သည့် အခွန်များ ကိုပါ ပြင်ဆင်ကောက်ခံနိုင်မည်ဖြစ်သော ကြောင့် အခွန်ဝင်ငွေများတိုးလာမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

ယင်းအခွန်များကို တိုင်းအတွင်းရှိ စိုက်ပျိုးရေးသမားများအတွက်ပင် ပြန် လည်အသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီဥပဒေအရရှိလာတဲ့ အခွန်တွေ ကို လယ်သမားတွေအတွက်ပဲ ပြန်သုံးမှာ ဆိုတော့ သူတို့အတွက် တစ်စုံတစ်ရာတော့ အကျိုးရှိမယ်လို့ ယူဆတယ်ပေါ့နော်”ဟု ၎င်းက ဆိုသည်။

ယင်းဥပဒေကို တိုင်းလွှတ်တော်က အတည်မပြုမီ ပြည်သူများကို ချပြရှင်း လင်းခဲ့ကာ ပြည်သူများထံမှ အကြံပြု ချက်များ လက်ခံရရှိခဲ့ပြီး ယင်းအကြံ ပြုချက်များကိုလည်း ဥပဒေအတွင်း ထည့်သွင်းထားကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါက်တာ ထူးနေအောင်က ပြောသည်။

ယင်းဥပဒေ ပုဒ်မ ၅ တွင် တိုင်း အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းရမည်ဖြစ်ပြီး ယင်းကော်မတီတွင် သက်ဆိုင်ရာဌာနမှဦးစီးမှူး၊ ညွှန်ကြား ရေးအမှူးအဆင့်ရှိသူ ၈ ဦးအပြင် တောင်သူ လယ်သမား ကိုယ်စားလှယ် ၃ ဦးလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါကော်မတီသည် ဥပဒေပါ အချက်အလက်များကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည်များကို ညွှန် ကြားခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ လိုအပ် သောမူဝါဒများ ချမှတ်နိုင်ရေးအစိုးရသို့ တင်ပြခြင်း စသဖြင့် အချက်လေးချက်ကို လုပ်ဆောင်ရမည်ဟု ဥပဒေတွင် ဖော်ပြထားသည်။

ကျော်သူစိုး