ထားဝယ်စပါးဈေး အခြေခံဈေးနှုန်းအောက် ကျနေသော်လည်း ဝယ်သူမရှိ

0
728

ထားဝယ်ခရိုင်တွင် စပါးဈေးများ အခြေခံဈေးနှုန်းအောက် ထိုးကျနေသော်လည်း ဝယ်မည့်သူများမရှိကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့ထံမှ သိရသည်။

စပါးတစ်တင်း၏ အခြေခံဈေးနှုန်း ကို ကျပ်ငါးထောင်ဟု သတ်မှတ်ထားသော်လည်း ထားဝယ်ခရိုင်တွင် လက်ရှိ စပါးပေါက်ဈေးမှာ ကျပ်သုံးထောင်ငါးရာမှ ကျပ်လေးထောင်ငါးရာအထိသာ ဈေး ပေါက်နေကြောင်း ယင်းလယ်သမား အချို့က ပြောသည်။

ဆန်ကြမ်းအမျိုးအစားဖြစ်သည့် ငစိန်စပါးအမျိုးအစားမှာ ကျပ်သုံးထောင် ငါးရာဝန်းကျင်ဈေးပေါက်နေပြီး ဧည့်မထ စပါးအမျိုးအစားမှာ ကျပ်လေးထောင်ငါး ရာခန့်ဈေးပေါက်နေကြောင်း လယ်သမား အချို့က ပြောသည်။

စပါးဝယ်ယူသူများကလည်း ယင်း အခြေခံဈေးနှုန်းအောက်ကျနေသည့်စပါး ကိုပင် ၎င်းတို့အတွက် တွက်ခြေမကိုက် ဟုဆိုကာ မဝယ်ယူကြကြောင်း ထားဝယ် မြို့နယ် ဇလွန်းကျေးရွာမှ လယ်သမား ဦးညွန့်က ပြောသည်။

“စပါးဈေးကျ ဝယ်မယ့်သူကမရှိ လယ်သမားတွေမှာဖြစ်နေတာတွေလေ။  လုပ်အားခက ဈေးကြီး တစ်နေ့ ရှစ်ထောင်၊ ကိုးထောင်လောက်ရှိနေပြီ။ အခု ဈေးတက် လာနိုးနိုးနဲ့ မရောင်းဘဲထားတဲ့ စပါးတင်း တစ်ရာကျော်လောက်ရှိသေးတယ်” ဟု ဦးညွန့်က ဆိုသည်။

ယမန်နှစ် သီတင်းကျွတ်ကာလကမူ စပါးတစ်တင်းလျှင် ကျပ်ခုနစ်ထောင် ကျော်မှ တစ်သောင်းကျပ်အထိ ဈေး ပေါက်ခဲ့ကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမား အချို့ကပြောသည်။

တိုင်းနှင့်ပြည်နယ်အချို့တွင်မူ ဆန် စပါးအရောင်းအဝယ် ပုံမှန်အတိုင်းရှိ နေပြီး အချို့ဒေသများတွင် ဧည့်မထအုပ် စုဝင် စပါးတစ်တင်းလျှင် အများဆုံး ကျပ်ငါးထောင်ကျော်(၅၃၀၀) အထိဈေး ပေါက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထားဝယ်စပါးဝယ်လိုအား မရှိခြင်း မှာ ဈေးကွက်ပျောက်နေခြင်းကြောင့်ဖြစ် နိုင်ပြီး ခိုင်မာသည့်စပါးဈေးကွက်ကို ဖော်ဆောင်နိုင်ပါက ဈေးတက်လာနိုင် ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် စပါးဈေးနှုန်များ ကျဆင်း နေခြင်း၊ ဓာတ်မြေသြဇာ၊ လုပ်အားခ၊ စပါးရိတ်သိမ်းခ စသည့် သွင်းအားစု ဈေးနှုန်းများ မြင့်တက်နေခြင်းတို့ကြောင့် လာမည့်စပါးပေါ်ချိန်တွင် အရှုံးပေါ်မည် ကို လယ်သမားအချို့က စိုးရိမ်လျက် ရှိသည်။

ကျော်သူစိုး