တနင်္သာရီ – ဘုတ်ပြင်း လမ်းပိုင်းတစ်လျှောက် တောဆင်ရိုင်း သတိပေးဆိုင်းဘုတ် ၇ ခု စိုက်ထူ

0
484

ပြည်ထောင်စုလမ်းမ တနင်္သာရီ-ဘုတ်ပြင်း လမ်းပိုင်းတစ်လျှောက် တောဆင်ရိုင်းသတိပေးဆိုင်းဘုတ် ၇ ခု စိုက်ထူထားပြီးဖြစ်ကြောင်း ဘုတ်ပြင်း မြို့နယ် သစ်တောဌာနဦးစီးမှူး ဦးစိုးတင့်က ပြောသည်။

ဘုတ်ပြင်းမြို့နယ် ဝါးချောင်းရွာ အနီး မိုင်တိုင်အမှတ် ၁၂၈-၁၂၇ ကြား သတိပေးဆိုင်းဘုတ် ၃ ခု၊ ဘိုဒါးရွာအနီး မိုင်တိုင်အမှတ် ၁၃၀ တွင် ၁ ခု၊ ယုဇန ဆီအုန်းခြံ မိုင်တိုင်အမှတ် ၁၂၆ တွင် ၁ ခု၊ ချောင်းမွန်ငါးရွာ မိုင်တိုင်အမှတ် ၁၂၁ တွင် ၁ ခု၊ ကရသူရိတံတား မိုင်တိုင် အမှတ် ၁၇၉ တွင် ၁ ခု ကို စိုက်ထူထားပြီး ဖြစ်ကြောင်း ဦးစိုးတင့်က ပြောသည်။

ဆိုင်းဘုတ်များတွင် “ဤနယ်မြေသည် တောဆင်ရိုင်းများ ဖြတ်သန်းသွား လာလေ့ရှိသဖြင့် သတိပြု ဖြတ်သန်း သွားလာကြပါရန်နှင့် ပစ်ခတ်ခြောက်လှန့်မောင်းနှင်ခြင်း မပြုလုပ်ရန် မေတ္တာ ရပ်ခံအပ်ပါသည်”ဟု ရေးသားထားသည်။

“ယာဉ်တွေ အမှုမဲ့အမှတ်မဲ့သွားတဲ့ အခါမှာ အန္တရာယ်ဖြစ်မှာ စိုးလို့၊ ဆင် တွေက ညဘက်မှာ (လမ်းမကြီးပေါ်)အဖြတ်များတယ်၊ အဓိကကတော့ ဆင် ဖြတ်သွားတဲ့နေရာ၊ ဆင်တွေ အုပ်စုဖွဲ့ပြီး ဖြတ်သွားဖြတ်လာတဲ့နေရာတွေပေါ့” ဟု ဦးစိုးတင့်က ပြောသည်။

ယင်းလမ်းပိုင်းတွင် တောဆင်ရိုင်းများ ညဘက် ဖြတ်သန်းတတ်သော်လည်း ခရီးသွားယာဉ်များကို အန္တရာယ်ပြုခြင်း မရှိတတ်ကြောင်း ကိုယ်တိုင်တွေ့ကြုံဖူး သည့် ယာဉ်မောင်းအချို့က ပြောကြ သည်။

“ဆင်က လမ်းလယ်မှာ ရပ်နေရင် ကိုယ်က ကားရပ်ထားလိုက်ရင် (ဆင်က) သူ့ဘာသူ ဆင်းသွားလိုက်တယ်။ သွား နေကြကားသမားတွေအတွက် ရိုးသွား ပြီ။ ဆိုင်းဘုတ်တွေ တပ်ထားတော့ နယ်ဝေးကလာတဲ့ အထာမသိတဲ့ကား သမားတွေအတွက်တော့ သတိပေးသလို ဖြစ်တာပေါ့”အောင်ကောင်းစံ မှန်လုံ ယာဉ်ငယ်ဂိတ်ပိုင်ရှင် ဦးအောင်မျိုးမြင့်က ပြောသည်။

ဘုတ်ပြင်းမြို့နယ် သစ်တောဌာန ဦးစီးမှူး ဦးစိုးတင့်ကလည်း ဘုတ်ပြင်း နယ်အတွင်းရှိ တောဆင်ရိုင်းများက လူ ကို အန္တရာယ်ပြုတတ်သည်မျိုးက အလွန်ရှားပြီး အကယ်၍ ဆင်နှင့်တွေ့လျှင် လူက ရှောင်ရှားသွားလာခြင်း၊ ကားရပ် ထားခြင်းတို့ ပြုလုပ်သင့်ကြောင်း ပြော သည်။

“ဆင်ဖြတ်တာတွေ့ရင် လူတွေက ခဏ ရှောင်နေရမှာပေါ့နော်။ ဒီဘက် ပိုင်းမှာကျတော့ လူကို အန္တရာယ်ပြုတာ တော့ မရှိဘူး။ ဧရာဝတီတိုင်းတွေမှာလို ဆင်နဲ့ လူနဲ့ ကြီးကြီးမားမား ပဋိပက္ခ ဖြစ်တာတော့ မရှိပါဘူး” ဟု သစ်တော ဌာနဦးစီးမှူး ဦးစိုးတင့်က ပြောသည်။

ကော့သောင်းခရိုင်တွင် တောဆင် ရိုင်းများ ကားလမ်းပေါ် ဖြတ်သန်းသွား လာခြင်း၊ ဆီအုန်းခြံများနှင့် ဥယျာဉ်ခြံ များကို ဝင်ရောက်ဖျက်ဆီးခြင်းတို့ ရှိနေ ခဲ့ပြီး ကရသူရိမြို့တွင် ၂၀၁၈ ခုနှစ် ဇွန်လ ၁၁ ရက်က အသက် ၄၄ နှစ်အရွယ် ဥယျာဉ်စောင့်အမျိုးသားတစ်ဦး ဆင်ရိုင်း နင်းသဖြင့် သေဆုံးခဲ့ဖူးသည်။

ဆင်များ လူတို့ အတွေ့များလာခြင်း မှာ စိုက်ပျိုးရေးစီမံကိန်းကြီးများကြောင့် ဆင်တို့၏ စားကျက်များ ပျက်လာခြင်းကြောင့် ဖြစ်ကြောင်း ပညာရှင်အချို့က ပြောဆိုကြသည်။

Dawei Watch