မြိတ်တွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား တစ်သောင်းခွဲကျော်နှင့် ဘိန်းစာမှုန့်များ ဖမ်းမိ

0
835

မြိတ်မြို့တွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးအပြားရေ တစ်သောင်းခွဲကျော်နှင့် ဘိန်းစာမှုန့်များ ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကလွင်ကျေးရွာအုပ်စုရှိ အသက် ၂၅ နှစ်အရွယ် အမျိုးသား၏ နေအိမ်ကို မူးယစ်ဆေးသတင်းအရ အောက်တိုဘာလ ၈ ရက်က ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေစဉ် အထက်ပါ အမျိုးသားကို နေအိမ်တွင် အသင့်တွေ့ရပြီး အိပ်ခန်းအတွင်းမှ WY စိတ်ကြွဆေး ၄၆ ပြား၊ ဘိန်းစာမှုန့်  ၀ ဒသမ ၁၂ ကီလိုဂရမ်နှင့် မူးယစ်ဆေးရှူသည့်ကိရိယာတစ်ခု ဖမ်းမိကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မူးယစ်ဆေးများ ဖမ်းမိသည့် အထက်ပါ အမျိုးသားကို စစ်ဆေးရာ ၎င်းငှားရမ်းနေထိုင်သည့် မြိတ်မြို့၊ ရေပုန်းရပ်ကွက်ရှိ နေအိမ်တွင် မူးယစ်ဆေးများ ဝှက်ထားသည်ဟု သိရှိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုကြောင်း အဆိုပါနေအိမ်အား ထပ်မံရှာဖွေရာ နေအိမ်ဘုရားစင်အောက် ရှိ ပလပ်စတစ်ပုံးအတွင်းမှ WY စိတ်ကြွဆေး ၁၆၉၂၀ ပြား ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖမ်းမိသည့် မူးယစ်ဆေးများကို ရဲတပ်ဖွဲ့က မဖမ်းမီတစ်ရက်ခန့်က အမည်မသိလူတစ်ဦးထံမှ ဝယ်ယူခဲ့သည်ဟု ထွက်ဆိုကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မူးယစ်ဆေးများ ဖမ်းမိသည့်အမျိုး သားကို မူးစိတ်ပုဒ်မ- ၁၉(က)/၂၀(က)ဖြင့် မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

Dawei Watch