ထားဝယ်လျှပ်စစ်တင်ဒါကိစ္စ တိုင်ကြားမှု ဝန်ထမ်းအများစုကို စစ်ဆေးပြီးဟုဆို

0
597

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးတင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်တွင် ဝန်ထမ်းများ မသမာမှုရှိသည်ဟုဆိုကာ စစ်ဆေးအရေးယူပေးရန် တိုင်ကြားထားမှုတွင် ဝန်ထမ်းအများစုကို စစ်ဆေး ပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပြောသည်။

တင်ဒါကိစ္စ မသမာမှုရှိသည်ဟုဆိုကာ တင်ဒါဝင်ပြိုင်ပြီး Stellar Powerhouse Pteကုမ္ပဏီက နိုင်ငံတော် သမ္မတရုံး၊ အတိုင်ပင်ခံရုံးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တိုင်ကြားထားသည့် အမှုဖြစ်သည်။

လက်ရှိတွင် တင်ဒါပြိုင်ကုမ္ပဏီနှစ်ခု၊ တင်ဒါကော်မတီဝင် အများစု၊ အစိုးရအဖွဲ့ရုံးဝန်ထမ်းအချို့နှင့် ဌာနအကြီး အကဲအချို့ကို စစ်ဆေးပြီးဖြစ်ကာ သီတင်း ကျွတ်ရုံးပိတ်ရက်ပြီးနောက်ပိုင်းတွင် ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ဆိုသည်။

Stellar Powerhouse Pte ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစစ်ငြိမ်း၏ တိုင်ကြားထားမှုအပေါ် ဝန်ကြီး ဦးလှထွေး ဦးဆောင်ပြီး အဖွဲ့ဝင်ငါးဦး ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စက်တင်ဘာလနှောင်းပိုင်းမှစတင်ကာ စစ်ဆေးနေခြင်းဖြစ်သည်။

“စစ်ဆေးပြီးရင် တွေ့ရှိချက် အကြံ ပြုချက် သုံးသပ်ချက်တွေနဲ့ ဝန်ကြီးချုပ် ဆီကိုတင်မယ်။ ပြီးမှ အစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော် သမ္မတရုံးတို့ နိုင်ငံတော် အတိုင်ပင်ခံရုံးတို့ကို ထပ်ပြီးတင်ပြမယ်”ဟု ဝန်ကြီးဦးလှထွေးက ပြောသည်။

စုံစမ်းစစ်ဆေးမှု ပြီးစီးနိုင်မည့်နေ့ ရက်နှင့် တွေ့ရှိချက် အစီရင်ခံစာ တင်ပြမည့်ရက်ကိုမူ ထုတ်ဖော်ပြောရန် အဆင် မပြေသေးကြောင်း ၎င်းက ဆိုသည်။

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးတင်ဒါကို Petro & Trans ကုမ္ပဏီက အောင်မြင်ထားသည်။

ကိုဇော်