အွန်လိုင်းဖိတ်စာ

0
1405

သီတင်းကျွတ်ရန် တစ်ပတ်ဆယ်ရက် လိုကတည်းက ဖိတ်စာတို့ တဖွဲဖွဲ ရောက်လာနေကြပါလိမ့်မည်။

အထူးသဖြင့် ကထိန်ခင်း၊ ရဟန်းခံ၊ ရှင်ပြုအလှူ ရောက်လာပါပြီ။ မင်္ဂလာ ဆောင်ဖိတ်စာလည်း ပါကောင်း ပါလာ တော့မည်။ ဖိတ်စာတို့က အရောင်အသွေးစုံ၊ ဆိုဒ်စုံဂိုက်စုံ ဖြစ်ပါလိမ့်မည်။

အဖိတ်ခံရသူ လူကြီးလူငယ်တို့က ဖိတ်စာတို့ကို ဖတ်ပြီး  မည်သူက မည်သည့် ကျောင်းတွင် မည်သည့်နေ့ အလှူပြုမည်။ မည်သူတို့ ရှင်ပြုရဟန်းခံကြမည်။ မည်သူတို့မည်သည့်နေ့တွင် မင်္ဂလာဆောင်  မည် စသဖြင့် ဖတ်ကြမှတ်ကြမည်။

ရောက်လာသည့် ဖိတ်စာများက ရွာပေါင်းစုံမှ ဆွေမျိုးများ အသိမိတ်ဆွေ များထံမှဖြစ်ရာ မည်သူ့အလှူတော့ သွား မှဖြစ်မည်။ မည်သူတို့ ရဟန်းခံကြမည်။ သီလရှင် ဝတ်ကြမည်။ မည့်သူတို့မင်္ဂလာ ဆောင်တော့သွားမှဖြစ်မည် စသဖြင့် အိမ်သားအချင်းချင်း ပြောဆိုဆွေးနွေးကြ လိမ့်မည်။

“ဖိတ်စာ” ဟု မပေါ်ပေါက်သေးချိန်၊ ပုံနှိပ်စက်များ ပေါ်ပေါက်နေသော်လည်း ဖိတ်စာရိုက်သည့်အလေ့အထ မပေါ် ပေါက်သေးမီကမူ ထိုသို့ ဖိတ်စာဖတ်ပြီး ဆွေးနွေးခွင့် မရခဲ့ကြပါ။

ထားဝယ်မြို့ ရှမ္မလည်ဆွဲရပ်ကွက်နေ အသက် ၈၇ နှစ်အရွယ် ဒေါ်ခင်ရီကမူ ၎င်းင်းတို့ငယ်စဉ်က အလှူပြုလုပ်လျှင်ဖြစ် စေ၊ မင်္ဂလာဆောင်လျှင်ဖြစ်စေ ကိုယ့်အရပ်နှင့် ကိုယ့်ဇာတ်၊ ပါးစပ်နှင့်သာ လိုက်ဖိတ် ကြသည်ဟု ဆိုသည်။

“ပါးစပ်နဲ့လိုက်ခေါ်ရတာပေါ့။ ဂျပန် ခေတ်ကဆိုတော့ ပိုက်ဆံလည်းရှားတယ်။ စားဖို့သောက်ဖို့တောင် အနိုင်နိုင်ဆိုတော့ အခုခေတ်လိုမျိုး အလှူအတန်းတွေလည်း မပေါဘူး။ နည်းနည်းပါးပါးပဲ လှူကြ တာရှိတယ်။ လူလေးနည်းနည်းပါးပါးပဲ ဆိုတော့ ပါးစပ်နဲ့လိုက်ခေါ်တယ်”ဟု ဒေါ်ခင်ရီက ပြောသည်။

သရက်ချောင်းမြို့နယ်၊ သင်းကျွန်း ရွာနေ အသက် ၆၀ အရွယ်ခန့်ရှိ ဒေါ်သန်းတင်တို့ ငယ်စဉ်တွင်မူ ဖိတ်ကြား သူက ဖယောင်းတိုင်၊ ဆေးလိပ်၊ သကြား လုံးများဖြင့်ဖိတ်ကြားလေ့ရှိကြောင်း ဒေါ်သန်းတင်က ပြောသည်။

“မင်္ဂလာဆောင်အပါအဝင် ရှင်ပြု ရဟန်းခံတွေက အစ အဲဒီလိုမျိုးဖိတ်ကြား လေ့ရှိတယ်။ ဖိတ်စာ မရှိသေးတာတော့ မဟုတ်ဘူး။ ဖိတ်စာက ပေါ်တော့ပေါ် နေပြီ။ သိပ်ပြီးတော့ မသုံးကြသေးဘူး” ဟု ဒေါ်သန်းတင်က ပြောသည်။

မြို့ပြတွင် ပုံနှိပ်စက်များ ပေါ်ပေါက် လာသော်လည်း ဖိတ်စာရိုက်လျှင် ပုံနှိပ် စက်တွင် အချိန်များစွာ ပေးရခြင်း၊ ရက်ချိန်းကြာခြင်းတို့ကြောင့်လည်း တော်ရုံ ဖြင့် ဖိတ်စာရိုက်ရန် စိတ်မရှည်တတ်ကြပေ။

မြို့ပြနှင့် ဝေးသူများအသာထား၊ မြို့ပေါ်နေသူတို့ပင် တော်ရုံဖြင့် ဖိတ်စာ မရိုက်။

“ဖိတ်စာရိုက်တဲ့ခေတ်ဆိုရင် ကုလား မင်းလက်ထက်။ ကိုယ်တိုင်တော့ တစ်ခါ မှ ဖိတ်စာမရိုက်ဖူးဘူးဆိုတော့ သေချာ မသိဘူး။ အခက်အခဲကတော့ တော်တော် ကြာအောင် စောင့်ရတယ်။ ဖိတ်စာရိုက်ဖို့ ဆိုရင် ဆယ်ရက်၊ တစ်လလောက်ကြိုမှာ ထားရတာ။ ဖိတ်စာက အဖြူအမည်းပဲ။ သူ့ခေတ်နဲ့သူ့ခါပဲလေ”ဟု ထားဝယ်မြို့ ရှမ်္မလည်ဆွဲရပ်ကွက်နေ ဒေါ်ခင်ရီက ပြောသည်။

ကွန်ပျူတာ၊ မိတ္တူ၊ စာစီစာရိုက် လုပ်ငန်းများ တွင်တွင်ကျယ်ကျယ် ဖြစ် လာသည့် လက်ရှိအချိန်တွင်မူ ဖိတ်စာ တို့က  ရောင်စုံ၊ ဆိုဒ်စုံ ၊ဒီဇိုင်းစုံ။

“ခုနောက်ပိုင်းက အလှူမင်္ဂလာကို ဖိတ်စာနဲ့ ဖိတ်ရုံတင်မဟုတ်ဘူး။ အလုပ် အကိုင်(အလှူနေ့မတိုင်မီတစ်ရက်)ကို ပါ ဖိတ်စာနဲ့ ဖိတ်လာကြတယ်။ အလုပ် အကိုင်ဖိတ်စာကတော့ ဖိတ်စာငယ်ပေါ့”ဟု သရက်ချောင်းမြို့နယ်၊ သင်းကျွန်း ရွာမှ ဒေါ်သန်းတင်က ပြောသည်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ကောင်းလာသည့် အိုင်တီခေတ်ကြီးထဲ ရောက်လာသောအခါ ဖုန်းဖြင့် ဖိတ်ခြင်း၊ ဖိတ်စာကို ဓာတ်ပုံရိုက်ကာ အွန်လိုင်းဟု ခေါ်ကြသည့် ဖေ့ဘွတ်၊ မက်စင်ဂျာ၊ ဗိုက်ဘာ၊ လိုင်း တို့မှ ပို့ကာ ဖိတ်လာကြလေသည်။

အထူးသဖြင့် အင်တာနက် တွင်တွင် ကျယ်ကျယ်အသုံးပြုလာသည့် လူငယ်ထုကြားတွင် ထိုသို့ ဖိတ်သည့်ယဉ်ကျေး မှုတစ်ရပ် ထွန်ကားလာသည်။


“ကိုယ်ဖိတ်တဲ့အခါကျတော့ အားနာ တာပေါ့လေ။ တောင်းပန်စကားတွေ ပြောပြီးမှ ဖိတ်တယ်ပေါ့။ ကိုယ့်ကို အဲလို ဖိတ်ရင်လည်း တောင်းပန်ပြီး ဖိတ်ကြ တယ်”ဟု မဆုရည်ဌေးက ပြောသည်။

မိမိအား ထိုသို့ တောင်းပန်ကာ ဖိတ်ကြားလာလျှင်လည်း ခေတ်အနေ အထားအရဟု နားလည်ခွင့်လွှတ်ပေးကာ ယင်းအလှူပွဲသို့ ကြိုးစားကာအရောက် သွားလေ့ရှိကြောင်း ၎င်းက ပြောသည်။

တချို့ကမူ ဖေ့ဘွတ်၊ မက်စင်ဂျာ၊ ဗိုက်ဘာ၊ လိုင်း တို့မှဖိတ်ကာ ဖုန်းဖြင့် တစ်စုံတရာ ပြောကြားလာခြင်းမရှိလျှင် မသွားဟု ဆိုသည်။

တချို့ကမူ ဖိတ်သူနှင့် မိမိကြား ရင်းနှီးမှုကို မူတည်ကာ သွားသင့်၊ မသွားသင့် ဆုံးဖြတ်လေ့ ရှိကြသည်။

“စိတ်ထဲမှာတော့ တစ်မျိုးကြီးပဲ။ ပေါ့ပေါ့ဆဆဖိတ်တယ်လို့တော့ စိတ်ထဲ ဖြစ်မိတယ်။ အရမ်းခင်တဲ့၊ သိနေတဲ့သူဆို ရင်တော့ သွားလိုက်တယ်။ သိပ်မခင်ဘူး ဆိုရင်တော့ မသွားဖြစ်တော့ဘူး”ဟု လောင်းလုံးမြို့နယ် ဝေဒီကျေးရွာနေ အသက် ၂၅ နှစ်အရွယ် ကိုကျော်သူထွေးက ပြောသည်။

သို့သော် အလှူသာ သွားသည်။ မင်္ဂလာဆောင်ဖိတ်စာကို ဖေ့ဘွတ်၊ မက်စင်ဂျာ၊ ဗိုက်ဘာ၊ လိုင်း စသည်တို့က ပို့လာသည် ဆိုပါက

“မင်္ဂလာဆောင်ဖိတ်စာဆိုရင်တော့ ပိုက်ဆံငါးထောင်ကို ဓာတ်ပုံရိုက်ပြီး ပြန်ပို့လိုက်မှာ”ဟု ကိုကျော်သူထွေးက ဆိုသည်။

တနင်္သာရီသတင်းအဖွဲ့